ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း၏ ခန့်မှန်းချက်များအရ ယခုနှစ် ပထမ သုံးလအတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း သိရပါသည်။
ယခုနှစ် ဇန်န၀ါရီလမှ ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံသည် စုစုပေါင်းဆန်တန်ချိန် ၁.၁ သန်း တင်ပို့ခဲ့ရာ နှစ်စဉ်တင်ပိုနိုင်မှုအောက် ၃၂ ရာခိုင်နှုန်း ကျဆင်းနေပြီး ဆန်ဖြူတင်ပို့မှု ကျဆင်း ခြင်းသည်လည်း အဆိုးရွားဆုံးနှင့် ဆိုင်နေရကြောင်း သိရပါသည်။
ထိုင်းဆန်တင်ပို့သူများအသင်း၏ ဥက္ကဋ္ဌ Charoen Laothammatas က ယခုနှစ် ဆန်တင်ပို့ မှုမှာ ၂၀၂၄ ခုနှစ်၌ တင်ပို့နိုင်ခဲ့သော တန်ချိန် ၉.၉၄ သန်းအောက် ၂၄.၂ ရာခိုင်နှုန်း လျော့ကျပြီး တန်ချိန် ၇.၅ သန်းခန့်သာရှိမည်ဟု ခန့်မှန်းထားပါသည်။ ထိုသို့ ဆန်တင်ပို့မှု ကျဆင်းရခြင်း အဓိက အကြောင်းအရင်းနှစ်ရပ်ရှိပြီး အိန္ဒိယနိုင်ငံက ၂ နှစ်ကြာ ဆိုင်းငံ့ထားခဲ့သည့် ၎င်း၏ ဆန်ဖြူတင်ပို့မှု ကို ပြန်လည်စတင်ခြင်းနှင့် ကမ္ဘာ့ဆန် ထုတ်လုပ်မှုမှာ တန်ချိန် ၁၀ သန်းခန့် ပိုမိုလာခြင်းတို့ကြောင့် ဖြစ်ပါသည်။ ထို့အပြင် ထိုင်းဘတ်ငွေတန်ဖိုး အားကောင်းခိုင်မာလာခြင်းသည်လည်း နောက်ထပ် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း Charoen က မှတ်ချက်ပြုခဲ့ပါသည်။
ကမ္ဘာ့ဈေးကွက်၌ ထိုင်းဆန်သည် တန်ဖိုးအားဖြင့် ဈေးနှုန်းအမြင့်မားဆုံးဖြစ်ပြီး ဖေဖော်ဝါရီ လ စာရင်းများအရ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သော ထိုင်းဆန်ဖြူသည် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၅-၄၁၉ ပေါက်ဈေးရှိပြီး အလားတူ ဗီယက်နမ်ဆန်သည် တစ်တန်လျှင် ၃၉၃-၃၉၇ ဒေါ်လာ၊ အိန္ဒိယဆန်သည် တစ်တန်လျှင် ဒေါ်လာ ၄၀၆-၄၁၀ နှင့် ပါကစ္စတန်ဆန်သည် တစ်တန် လျှင် ၃၈၂-၃၈၆ ဒေါ်လာရှိကြောင်း သိရှိရပါသည်။
Source: Vietnam Plus, 28 Feb 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)