
ရွှေဖရုံသီးသည် တစ်နှစ်ပတ်လုံးထားခံနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ ယခင်က ရွှေဖရုံသီး ကို ဗမာမျိုးလုံးကြီးမျိုးကိုသာ စိုက်ပျိုးကြပြီး ယခုအခါ အသင့်စားအနေတော်လုံးသေးမျိုး၊ ထိုင်ဝမ်မျိုးများကိုသာ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ၎င်းရွှေဖရုံသီးအသေးမျိုးများသည် ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်တရုတ်နိုင်ငံသို့လည်း တင်ပို့ရောင်းချလျှက်ရှိ ကြောင်း သိရသည်။ ဖရုံသီးကို ဟင်းလျာအဖြစ်စားသုံးကြပြီး ဟင်းရည်သောက်အဖြစ်လည်း စားသုံးကြသည်။ ဖရုံသီးဆနွင်းမကင်းလည်း ပြုလုပ်ရောင်းချကြောင်း တွေ့ရှိရသည်။ မတ္တရာ မြို့နယ်တွင် ရွှေဖရုံသီးအသေးမျိုးဧက များစွာစိုက်ပျိုးထားပြီး ရွှေဖရုံသီးများ စတင်ထွက်ပေါ် နေပြီဖြစ်ပါသည်။ ရွှေဖရုံသီးတစ်လုံးလျှင် ဖေဖော်ဝါရီနောက်ဆုံးအပတ်၌ (၂၅၀၀/၃၀၀၀/ ၃၅၀၀)ကျပ် အထိရှိပြီး ယခုမတ်လဆန်း၌ ရွှေဖရုံသီးတစ်လုံးလျှင် (၂၅၀၀/၃၀၀၀)ကျပ်ရှိပြီး ယခင်ဈေးနှုန်း အတိုင်း ဆက်လက်ရောင်းချလျှက်ရှိကြောင်း မန္တလေးမြို့ရှိ ဈေးကွက်အတွင်းမှ သိရှိရပါသည်။
DOCA(မန္တလေး)