
ပွင့်လင်းရာသီရောက်ပြီဖြစ်၍ မန္တလေးစျေးကွက်အတွင်း ဇီးသီးအခြောက်အများအပြား ဝင်ရောက်လျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်း အမရပူရ၊ပုသိမ်ကြီး၊ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သားမြို့နယ်တို့တွင် ထိုင်ဝမ်မျိုးကိုင်းကူး ဇီးသီးနှင့် ဒေသမျိုးဇီးပဲလှော်ပင် အများအပြား စိုက်ပျိုးလျက်ရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ကျန်ဒေသတို့မှလည်း ဇီးသီးများဝင်ရောက်ကြောင်း သိရပါတယ်။
မန္တလေးစျေးကွက်အတွင်းသို့ ဇီးသီးအစို/အခြောက်နှစ်မျိုးလုံးဝင်ရောက်လျက်ရှိပြီး၊ ဇီးသီး အစို ဝင်ရောက်မှုလျော့နည်းသွားကာ ဇီးသီးအခြောက်ဝင်ရောက်မှုများပြားကြောင်း ဇီးသီးခြောက် ရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လပထမပတ်အတွင်း ဇီးသီး အစို ထိုင်ဝမ်ဇီးသီး(ပုလဲဖြူ) တစ်ပြည်လျှင် ၄၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊ဇီးကြက်ဥ ၁၀လုံးလျှင် ၃၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊ဇီးပဲလှော်တစ်ပြည်လျှင် ၂၀၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်စျေးဖြစ်ပြီး၊ ဇီးသီးအခြောက်ပေါက်စျေးမှာ အချိုသီးခြောက်(လုံးကြီး)တစ်ပြည်လျှင် ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်၊ အချို(လုံးသေး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်၊ဇီးချဉ်သီးခြောက်တစ်ပြည်လျှင် ၂၀၀၀ ကျပ် နှင့် ၃၀၀၀ ကျပ်စျေးတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်းသိရပါတယ်။ စျေးကွက်အတွင်း ဇီးသီးခြောက်မှာ ဝင်ရောက်မှုများသကဲ့သို့ စားသောက်ကုန်များဖြစ်သည့် ယိုစုံလုပ်ငန်းနှင့် ဖျော်ရည်လုပ်ငန်းတို့မှ ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)