Main menu

ထောပတ်စိုက်ပျိုးထုတ်လုပ်ကြပါစို့

Powered by Drupal

ပြင်ဦးလွင်မြို့သည် မန္တလေးတိုင်းအတွင်းတည်ရှိပြီး အေးမြသည့်ရာသီဥတုကို ပိုင်ဆိုင် ထားသည့် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပါသည်။ တောင်ပေါ်မြို့လေးတွင်း နေထိုင်သူအများစု မှာ နှစ်ရှည်သီးနှံနှင့်ရာသီအလိုက်သီးပင်စားပင်နှင့် ပန်းများစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်း ပြုကြပါသည်။

နှစ်ရှည်သီးနှံအနေနှင့်ထောပတ်ပင်သည် စားသောက်ကုန်သီးနှံတစ်မျိုးကို ပြင်ဦးလွင် မြို့တွင် စီးပွားရေးလုပ်ရှင်များနှင့် ဒေသတောင်သူများအနေနှင့် တွင်တွင်ကျယ်ကျယ်စိုက်ပျိုး ကြပါသည်။ ပြင်ဦးလွင်မြို့နယ်အတွင်း ထောပတ်စိုက်ဧက ၃၀၉ ဧကစိုက်ပျိုးပြီး ၂၀၂၄ ခုနှစ်တွင် ခူးစွတ်ဧက ၁၅၀ ဝန်းကျင်ခူးစွတ်နိုင်ကြောင်း ထောပတ်အစုအဖွဲ့များထံမှ သိရှိရပါသည်။

ထောပတ်စိုက်ပျိုးရာ ၁ ဧကအပင် ၁၀၀ ပင်ကြားတန်း ၂၀ ပေ x၂၀ ပေ စိုက်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ထောပတ်ပင်သည် စတင်စိုက်ပျိုးချိန်မှ ၃ နှစ်ကြာလျှင် ပန်းပြပြီး ၄ နှစ်တွင် အသီးစတင်ခူးစွတ်နိုင်ပါသည်။ ထောပတ်ပင် ၁ ပင်လျှင် အထွက်နှုန်း အလုံးရေ ၇၀ မှ ၈၅ လုံးထိ ထွက်ရှိပြီး သက်တမ်းရင့်လေ အသီးတင်နှုန်းအားကောင်းပြီး အထွက်နှုန်းကောင်းမွန်သည့် ထောပတ်ကို စိုက်ပျိုးမည်ဆိုပါက ပျိုးပင်အမျိုးအစားလိုက် ၁ ပင်လျှင် ၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ ရှိပါသည်။ ၁ ဧကပျိုးပင် ၈၀၀၀ ကျပ်နှုန်းနှင့်စိုက်ပျိုးပါက ပျိုးပင်ဖိုး ၈ သိန်းကျပ်၊ စိုက်ကျင်းတူး၊ ရေသွယ်၊ ရေတွင်းတူးခြင်းအတွက် ကုန်ကျစရိတ် ၃၅ သိန်းဝန်းကျင်ကုန်ကျနိုင်ပြီး ပျိုးပင်နှင့် ပေါင်းပါက ၁ ဧက ၄၅ သိန်းဝန်းကျင် ကုန်ကျနိုင်ပါသည်။

ထောပတ်ပင်စိုက်ပျိုးသည့်မြေလွတ်နေရာများတွင်လည်း ရာသီသီးနှံများဖြစ်သည့် သီးပင် စားပင်နှင့် ရာသီပန်းမန်များကို စိုက်ပျိုးနိုင်ပါသည်။ ရာသီသီးနှံနှင့် ပန်းများမှာလည်း ဈေးကွက် ရှိသည့်အတွက် အပိုဝင်ငွေရရှိနိုင်ပါသည်။

ဒေသတောင်သူများအနေနှင့် ထောပတ်ပင်ကို ဒေသမျိုးကိုအဓိကထားစိုက်ပျိုးကြပါသည်။ ဒေသမျိုးသည် သီးနှံဈေးကွက်တွင် တစ်လုံးခြင်းရောင်းချပြီး နိုင်ငံခြားမျိုးအနေနှင့် ကီလိုနှင့် ရောင်းချကြပါသည်။ ယခုနှစ်အတွင်း ထောပတ်သီးရာသီတွင် ဒေသမျိုးများစတင်ထွက်ရှိသည့် အချိန်တွင် တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ထိဈေးရရှိပြီး လှိုင်လှိုင်ထွက်ပေါ်သည့်ကာတွင် တစ်လုံး ၃၀၀ ကျပ်မှ ၅၅၀ ကျပ်ထိ ဈေးရရှိကြောင်းသိရှိပါသည်။ ထောပတ်ပင်သည် အခြားသီးနှံပင်များကဲ့သို့ သွင်းအားစုအများအပြားသုံးစရာမလိုဘဲ အပင်အားဆေး၊ အသီးအပွင့် အားဆေးများကို ကျွေးရသည့်အတွက် သွင်းအားစုအနည်းငယ်မျှသာရှိပါသည်။ ထောပတ်သီးသည် စားသုံးသူများကြိုက်နှစ်သက်သည့်သီးနှံတစ်မျိုးဖြစ်ပြီး အခွံနှင့်အစေ့တို့ကိုလည်း အသားအရေ ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက်အသုံးပြုကြပါသည်။ ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သူများ အနေနှင့်ထောပတ်သီးရာသီရောက်လျှင် ထောပတ်သီးဖျော်ရည်၊ စတော်ဘယ်ရီရာသီရောက်လျှင် စတော်ဘယ်ရီဖျော်ရည်များကို နှစ်သက်မြတ်နိုးစွာ  သောက်သုံးကြပါသည်။ ရာသီဥတုနှင့်လည်း ကိုက်ညီ၊ မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ပြီး အခြားရာသီသီးနှံများကိုလည်း သီးထပ်သီးညှပ် အဖြစ် စိုက်ပျိုးနိုင်သည့်အတွက် ထောပတ်သည် စိုက်ပျိုးသင့်သည့်သီးနှံဖြစ်ကြောင်း လေ့လာ သိရှိရပါသည်။

DOCA(မန္တလေး)