Main menu

ကြောင်လျှာပွင့်အသုံးဝင်ပုံ

Powered by Drupal

 ကြောင်လျှာပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်ပြီး အမြင့်ပေ (၄၀၀၀)အထိ ပေါက်ရောက်နိုင်သည်။ ပင်ထောင်မျိုးဖြစ်ပြီး ပင်စည်ဖြောင့်မတ်သည်။ ကြောင်လျှာကြီး၊ ကြောင်လျှာ လတ်တို၊ ကြောင်လျှာဆူးပေါက်ဟူ၍ သုံးမျိုးရှိသည်။ ကြောင်လျှာကြီးမှာ အသီးတွဲပြီး ရှည်လျားသည်။ ကြောင်လျှာလတ်တိုမှာ အသီးတိုပြီး ထောင်၍ သီးသည်။ ၎င်းကို ကြောင်လျှာ အဖို/ အမ ဟုလည်း ခေါ်ကြသည်။ ရွက်ပေါင်းဖြစ်၍ ရွက်ဆိုင်ထွက်သည်။

ရှေးယခင်က နယုန်လနှင့် ဝါဆိုလတွင် အပွင့်ပွင့်၍ တန်ဆောင်မုန်းလတွင် အသီး သီးလေ့ရှိသော်လည်း ယခုအခါ မိုးရာသီတွင် ကြောင်လျှာသီး လှိုင်လှိုင်သီးကြောင်း သိရသည်။ ကြောင်လျှာပွင့် ဆိုတာက ကြောင်လျှာပင်ရဲ့ အပွင့်ဖြစ်ပြီး ပန်းပွင့် အတွင်းပိုင်းက အဝါရောင် ဖျော့ဖျော့လေးနဲ့ အပြင်ဘက်ကတော့ အနီရောင် ခပ်ဖျော့ဖျော့လေး ရှိပါသည်။ အသားထူထူလေးနဲ့ စားလိုက်ရင် ထုတ်ထုတ်နဲ့ စားကောင်းပြီး၊ ပြုတ်၍ ငပိရည်နဲ့တို့လို့ ရသလို  ပါးပါးလှီးပြီး သုပ်စားလို့ လည်းရသည်။ ထမင်းနဲ့တွဲစားလို့ရသလိုအခါး ကြိုက်သူတွေအတွက်ကတော့ အဆာပြေ ရေနွေးကြမ်းလေးနဲ့ တွဲသောက်လို့လည်းရသည်။ ကြောင်လျှာပွင့်သည်လည်း ကြောင်လျှာသီး၊ ကြောင်လျှာရွက်တို့လို ဆေးဖက်ဝင် အာနိသင်ရှိကြောင်း သိရသည်။ ကြောင်လျှာပွင့်ကို စားပေးခြင်း ဖြင့် သွေးတွင်းသကြား ဓာတ်ကိုထိန်းညှိ ပေးခြင်း၊ ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းမွန်စေခြင်း၊ အစာခြေစနစ်ကျန်းမာစေခြင်း၊ ဓာတ်မတည့်မှုကို သက်သာ စေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ သွေးတွင်း ကိုလက်စထရော ကျဆင်းစေနိုင်ခြင်း၊ သည်းခြေ ရည်ထွက်စေနိုင်ခြင်း စသည်တို့ကို ရရှိစေနိုင်ပါသည်။ ကြောင်လျှာပွင့်စားသုံးခြင်းဖြင့်  လည်ချောင်းနာတာ သက်သာစေခြင်း၊ ပါးစပ်ထဲက အနာ သက်သာစေခြင်း၊ ခေါင်းကိုက်တာ သက်သာစေခြင်း၊  အနာကျက်စေခြင်း၊ ကိုယ်ခံအားကောင်းခြင်း၊ အဖျားသက်သာစေခြင်းတို့ကို အထောက်အကူပြုစေပါသည်။

ကြောင်လျှာပွင့်က ပုံမှန်အားဖြင့် ရေတိုတွင်အသုံးပြုဖို့ ဘေးကင်းသော်လည်း အခြား ကျန်းမာရေး ပြဿနာတွေအတွက် ဆေးသောက်နေရတာမျိုးရှိရင် တွဲစားတာမျိုး မလုပ်ရန်လိုအပ် ပါသည်။ နို့စို့ကလေးတွေနဲ့ ကလေးငယ်၊ ကိုယ်ဝန်ဆောင်တွေနှင့် နို့တိုက်မိခင်၊ သွေးပေါင်ကျ တတ်သူများ၊ သွေးချိုကျတတ်သူများနှင့် ဆီးချိူအတွက် ဆေးသောက်နေရသူတွေနဲ့ သွေးကျဆေး သောက်နေရသူများအနေနဲ့လည်း အသုံးပြုရန်မသင့်ကြောင်းလည်း သိရှိရသည်။

     ကြောင်လျှာပွင့်ကို အစို/ အခြောက် နှစ်မျိုးလုံးပြုလုပ်စားသုံးနိုင်ကြောင်း သိရသည်။ ကြောင်လျှာပွင့် အစို တစ်ပိဿာလျှင် (၈၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်အထိ ရှိပြီး အခြောက် တစ်ပိဿာလျှင်  (၁၂၀၀၀) ကျပ်မှ (၁၃၀၀၀) ကျပ်အထိရှိကြောင်း သိရသည်။ ကြောင်လျှာပွင့်သည် သဘာဝဆေးဖက်ဝင် ဆိုပေမယ့် အလွန်အကျွံ သုံးစွဲတာ၊ သေချာသန့်စင်တာမျိုးမရှိဘူးဆိုရင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါသည်။ ကြောင်လျှာပွင့်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့လည်း လိုအပ်သေးကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)