
စားသုံးသူရေးရာဦးစီးဌာနမှ ကလေးဝမြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုး(ရုံးအုပ်)သည် (၁၁.၃.၂၀၂၅)ရက်နေ့တွင် ကလေးဝမြို့နယ်၊ ပန်းပဲတန်းလမ်းနေ ဇီးဖျော်ရည်အစုအဖွဲ့မှ လုပ်ငန်းရှင် ဒေါ်စန်းဝင်းခိုင်နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် ကလေးဝမြို့တွင် ဇီးဖျော်ရည်ရောင်းချသည့် ဆိုင်အရေအတွက် ( ၅ ) ဆိုင် ခန့်ရှိပါကြောင်း၊ ယခုလအတွင်း ရာသီဥတုအခြေအနေပူပြင်းလာသည့် အတွက် မိမိ၏ဇီးဖျော်ရည်များ တစ်ရက်လျှင် ရေသန့်ဗူး ( ၅၀ မှ ၆၀ ) ခန့် ရောင်းချရလျက် ရှိပါသည်။ ယခင်ကာလများက တစ်ဗူးလျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့သော်လည်း ယခုအခါတွင် ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်တက်လာသည့်အတွက် တစ်ဗူးလျှင် (၅၀၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ နွေရာသီကာလတွင် အရောင်းအဝယ်ကောင်းပြီး ကျန်ကာလများတွင် အနည်းငယ် သာ ရောင်းချရပါသည်။ ဆောင်းရာသီကာလ၌ တစ်ရက် ( ၁၀ ) ဗူးခန့်သာ ရောင်းချရပါကြောင်း၊ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဇီးသီးနှင့် သကြားများကို မုံရွာမြို့မှ ဝယ်ယူတင်သွင်းပါသည်။ သကြားတစ်ပိဿာလျှင် ( ၆၀၀၀ ) ကျပ်၊ ဇီးသီးတစ်တင်းလျှင် ( ၆၀၀၀ ) ကျပ်၊ ဈေးနှုန်းဖြင့် ဝယ်ယူ၍ ဇီးဖျော်ရည်များ ပြုလုပ်ရောင်းချလျက်ရှိပါသည်။
မိမိတို့ပြုလုပ်သည့် ဇီးဖျော်ရည်မှာ “သဘာဝ”ဇီးဖျော်ရည်အမှတ်တံဆိပ်ဖြင့် ရောင်းချ၍ ဇီးဖျော်ရည်ဗူးများကို ဒေသတွင်းနှင့် ကလေးမြို့သို့ အဓိကရောင်းချလျက်ရှိပြီး ရံဖန်ရံခါတွင် မုံရွာမြို့သို့လည်းတင်ပို့ရောင်းချပါကြောင်း၊ ခရီးသွားပြည်သူများမှ လက်ဆောင်ပေးရန်အတွက် ဝယ်ယူသူများလည်းရှိပါသည်။ မိသားစု အင်အားဖြင့်သာ တစ်ပိုင်တစ်နိုင်လုပ်ကိုင် ဆောင်ရွက် လျက်ရှိပြီး စားဝတ်နေရေး ဖူလုံရုံသာရောင်းချလျက်ရှိပါကြောင်း မိမိတို့ပြုလုပ်သည့် ဇီးဖျော်ရည် သည် ဓါတုဆေးဝါးများ အသုံးပြုလျှက် ထုတ်လုပ် ခြင်းမျိုးမဟုတ်ဘဲ သဘာဝအရသာဖြင့် သန့်ရှင်း သပ်ရပ်စွာ ထုတ်လုပ်ရောင်းချလျှက်ရှိပါကြောင်း မိမိတို့ထုတ်လုပ်သည့် ဇီးဖျော်ရည်များကို ပူးပြင်း သောရာသီများ၌ သောက်သုံးခြင်းဖြင့် မောပန်းမှုနှင့် စိတ်ပင်ပန်းမှုများ၊ ပြေပျောက်စေနိုင်ပါကြောင်း ဇီးဖျော်ရည်ထုတ်လုပ်ရောင်းချသည့် ဒေါ်စန်းဝင်းခိုင်မှ ဆွေးနွေးပြောကြားပါသည်။
DOCA(စစ်ကိုင်း)