
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ရွာသစ်၊ ကိုးတောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ အောက်ဆိပ်၊ မြင်ကဝ ကျေးရွာများ၌ မြစ်ရေဝင် ကိုင်းမြေများတွင် နှစ်စဉ် ကြက်သွန်နီ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို ဒေသစီးပွားဖြစ် နှစ်စဉ်စိုက်ပျိုးရာ သီးနှံမျိုးစုံအနက် ငရုတ်သီးနှံကိုလည်း စိုက်ဧက(၅၀၀)ခန့် စိုက်ပျိုးကြောင်း သိရှိရသည်။ ကျောက်စိမ်းငရုတ်မျိုးကို အဓိကစိုက်ပျိုး၍ မြစ်ရေကျချိန် အောက်တိုဘာလမှ စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် အသီးစိမ်း စတင်ခူးပြီး ဇန်နဝါရီလတွင် အသီးအမှည့်များ စတင်ဆွတ်ခူးရကြောင်း၊ စိုက်ပျိုးရာတွင် လေးကွက် ကြားစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ပင်ကြား ၁ ပေ တန်းကြား ၁ ပေခွဲထား၍ မြေအောက် ရေအပြင် လိုအပ်ပါက ရေသွင်းစိုက်ပျိုးကြောင်း သိရှိရသည်။
ငရုတ်သီးနှံစိုက်ပျိုးရာတွင် (၁)ဧကလျှင် ပျိုးပင်(၈၀၀၀)ခန့် ဝင်ဆံ့စိုက်ပျိုးရပြီး ရာသီဥတု အနေအထားနှင့် စိုက်ပျိုးမြေပေါ်မူတည်၍ (၁)ဧက တင်း(၄၀၀.-၅၀၀)ထွက်ရှိကြောင်း၊ တစ်တင်းလျှင် ငရုတ်သီးမှည့်အစို(၈)ပိဿာ၊ အခြောက်(၂)ပိဿာခန့် ထွက်ရှိကြောင်း ဒေသခံတောင်သူများမှ ငရုတ်သီး စိမ်းတောင့်ကို ဆွတ်ခူးရောင်းချခြင်းမရှိဘဲ ငရုတ်သီးခြောက်ကိုသာ အဓိကစီးပွားဖြစ်ရောင်းချကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်း(၄၀)ကုန်ကျကြောင်း၊ ယခင်နှစ် ငရုတ်သီးခြောက်ပေါ်ချိန်တွင် ဒေသ တွင်းဈေးကွက်၌ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀-၂၀၀၀၀)ဈေးရှိ၍ စိုက်တောင်သူများ အနေဖြင့် အကျိုးအမြတ်များစွာရရှိခဲ့ကြောင်း၊ ထွက်ရှိသော ငရုတ်သီးခြောက်များကို ဒေသတွင်းရောင်း ချမှုအပြင် ချောက်မြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချကြောင်း၊ ယခုနှစ် ငရုတ်ဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဧပြီလ ဆန်းထိ ငရုတ်သီးများ ဆွတ်ခူးရမည်ဖြစ်ကြောင်း၊ (၃)ရက်တစ်ကြိမ် အသီးမှည့် ဆွတ်ခူးရကြောင်း၊ ယခုနှစ် စိုက်ပျိုးသော ငရုတ်စိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိ၍ သီးနှံအထွက်ကောင်းပြီး ငရုတ်ဈေးကွက် ကောင်း၍ တောင်သူများအဆင်ပြေကြောင်း သိရှိရပါသည်။
ဆိပ်ဖြူမြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မြေနုကျွန်းကျေးရွာများတွင် စိုက်ပျိုးထားရှိ သော ငရုတ်စိုက်ခင်းများကို မတ်လကုန်ဧပြီလဆန်းပိုင်းတွင် ရိတ်သိမ်းပြီးစီးမည်ဖြစ်ကြောင်း၊ ရိတ်သိမ်း ပြီး မြေလွတ်များတွင် နွေသီးနှံအဖြစ် နှမ်း၊ ခရမ်းချဉ်၊ သကြားပြောင်း၊ ပဲတီစိမ်းသီးနှံများကို သီးထပ် အဖြစ် ရေသွင်းစိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)