Main menu

ပြည်ထောင်စုနယ်မြေအတွင်း ဖူးစားပြောင်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

            ပြည်ထောင်စုနယ်မြေအတွင်း စိုက်ပျိုးထုတ်လုပ်မှုတွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်းတို့ကို အများဆုံး စိုက်ပျိုးကြသည်။ အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုကို မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးပြီး ဖူးစားပြောင်းစိုက်ပျိုးမှုကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရသည်။ အစေ့ထုတ် ပြောင်းစိုက်ပျိုးမှုမှာ ကာလအတန်ကြာပြီဟုသိရပြီး ဖူးစားပြောင်းစိုက်ပျိုးမှုမှာ ၂၀၀၅ခုနှစ်ခန့်မှ စီးပွားဖြစ်စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယခုအခါတွင် ဖူးစားပြောင်းစိုက်ပျိုးထုတ်လုပ်မှုမှာ အားကောင်းသောအခြေအနေတွင် ရှိနေပါသည်။

            ဖူးစားပြောင်းစိုက်ပျိုးထုတ်လုပ်မှုကို (ပံ-75) မျိုးကို စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ အရည်အသွေးပိုမိုကောင်းမွန်သောမျိုးဖြစ်သည့် အဖြူကြား(ဖန်စီဖစ်)မျိုးနှင့် အဝါရောင်(2678)အမျိုးအစားသည် ရန်ကုန်ဈေးကွက် အခိုင်အမာရရှိနေသဖြင့် စိုက်ပျိုးထုတ်လုပ်မှု(၈၅%)သည် အဝါရောင်မျိုး (2678)ကို ပိုမိုစိုက်ပျိုးကြောင်း သိရသည်။

           ဖူးစားပြောင်းစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များမှာ ရာသီချိန်အလိုက်ကွာခြားမှုရှိပြီး ဆောင်း နှောင်းပိုင်းနှင့် နွေရာသီတွင်စိုက်ပျိုးပါက ကျပ်(၁၀)သိန်းဝန်းကျင်ကုန်ကျပြီး မိုးရာသီနှင့်ဆောင်းဦးကာလများတွင် စိုက်ပျိုးပါက ကျပ်(၇)သိန်းဝန်းကျင် ကုန်ကျသည်ဟု သိရပါသည်။ စိုက်ပျိုးကာလ နှင့် ရိတ်သိမ်းကာလအနေဖြင့် ဆောင်းနှောင်းနှင့် ‌နွေရာသီတွင် စိုက်ပျိုးသည့်စိုက်ခင်းမျာသည် ရက် (၉၀)မှ ရက်(၁၀၀)‌ကျော်အတွင်း ရိတ်သိမ်းနိုင်ပြီး မိုးရာသီနှင့် ဆောင်းဦးကာလ စိုက်ပျိုးသော စိုက်ခင်း များသည် (၇၅)ရက်မှ (၈၀)ရက်အကြား ရိတ်သိမ်းနိုင်သည့် အနေအထားရှိသည်ဟု သိရသည်။ ဖူးစားပြောင်းစိုက်ပျိုးရာတွင် မသုံးမဖြစ်သုံးစွဲရသော ယူရီးယားဓါတ်မြေဩဇာကို တစ်ဧကလျှင် (၃)အိတ်ခန့် သုံးစွဲရပြီး ဈေးနှုန်းအလွန်မြင့်မားနေသော်လည်း ဈေးကွက်အခိုင်အမာရရှိထားသောကြောင့် စိုက်ပျိုးထုတ်လုပ်မှုလျော့ကျသွားခြင်းမရှိဘဲ ပုံမှန်စိုက်ပျိုးထုတ်လုပ်နေသည့် အခြေအနေကို တွေ့ရှိရပါသည်။

           ဝင်ငွေရရှိမှုအနေဖြင့် ဖူးစားပြောင်းစိုက်ခင်းသည် (၈၀%)ခန့် စိုက်ပျိုးဖြစ်ထွန်းမှုရှိပါက ရောင်းတန်းဝင်ပြောင်းဖူး(၁)ဖူးလျှင် (၁၀၀)ကျပ်ဈေးနှုန်းဖြင့် ဝင်ငွေ (၁၂)သိန်းကျပ်ခန့် ရရှိမည်ဖြစ်ပြီး အဝါရောင်(2678)အမျိုးအစားသည် ရန်ကုန်ဈေးကွက် အခိုင်အမာရရှိထားသောမျိုးဖြစ်သဖြင့် တစ်ဧကဝင်ငွေကျပ်(၁၅)သိန်း ဝန်းကျင်အထိ ရရှိနေမှုကြောင့် စိုက်ပျိုးမှုအများဆုံးဖြစ်နေသည်ကို လည်း သိရှိရပါသည်။ ဖူးစားပြောင်းဈေးနှုန်းများသည် များသောအားဖြင့် ကုန်ပစ္စည်းထွက်ရှိမှုအခြေအနေပေါ်တွင် မူတည်ပြီး ဈေးနှုန်းအနိမ့်အမြင့် ဖြစ်ပေါ်တတ်သည်ဟု သိရှိရပြီး ၂၀၂၂ခုနှစ်၊ မေလ စတုတ္ထပတ်အတွင်း ပြောင်းဖူးတစ်ဖူးလျှင် စိုက်ခင်းဈေး (၁၆၀)ကျပ်အထိဖြစ်ခဲ့ပြီး ယခု ဇွန်လ၊ ပထမပတ်တွင် လက်လီဈေး ပြောင်းဖူးတစ်ဖူးလျှင် (၂၅၀)ကျပ်မှ (၃၀၀)ကျပ်အထိ ပေါက်ဈေးရှိကြောင်း လေ့လာသိရှိရမှုများကို ရေးသားတင်ပြအပ်ပါသည်။  

DOCA( ပြည်ထောင်စုနယ်မြေ)