
သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ဝန်ကြီး Keo Rattanak နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီး Derek Yip တို့သည် စွမ်းအင်၊ သတ္တုတူးဖော်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများအတွက် ၁၇-၃-၂၀၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော်အတွင်း ကမ္ဘောဒီးယားနှင့်ဩစတြေးလျနိုင်ငံတို့သည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းမှ စီးပွားရေးတိုးတက်မှုကိုမြှင့်တင်ပေးသည့် မိတ်ဖက် ဆက်ဆံရေးတစ်ရပ်ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် အနာဂါတ် တွင် ပိုမိုကြီးမားသော အခွင့်အလမ်းများကို ဆက်လက်ပေးဆောင်ရန် ရည်ရွယ်ထားသည်။ တွေ့ဆုံစဉ် ကမ္ဘောဒီးယားနှင့် ဩစတြေးလျနိုင်ငံတို့သည် စွမ်းအင်ကဏ္ဍ၊ သတ္တုတူးဖော်ရေးနှင့် ကမ္ဘောဒီးယားနိုင်ငံ၏အနာဂါတ်တွင် ရင်းနှီးမြှုပ်နှံရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို သံတမန် ဆက်ဆံရေးသည် အပြန်အလှန်လေးစားမှုနှင့် တူညီသောပန်းတိုင်များပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသည် ဤပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားကာ အနာဂါတ်မျိုးဆက်သစ်များအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Keo Rattanak က ပြောကြားခဲ့သည်။ ဩစတြေးလျနိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေးအတွက် တန်ဖိုးရှိသောမိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း သံအမတ်ကြီး Derek Yip ကတိပြုခဲ့သည်။
DOCA(ရန်ကုန်)