ကလေးမြို့၊ လှိုင်သာယာရပ်ကွက်၊ အမှတ် ( ၁ ) ရပ်ကွက်ရှိ ဦးအောင်သန်းဦးနေအိမ်အတွင်း လစ်လပ်နေသော မြေနေရာများတွင် တစ်ပိုင်တစ်နိုင်စိုက်ခင်းအဖြစ် ဘရာဇီးငှက်ပျောပင်များ စိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ယခင်နှစ်များက ငှက်ပျောပင်ပေါက်များကို မန္တလေးမှ မှာယူရပြီး တစ်ပင်လျှင် ( ၁၀၀၀ ) ကျပ်ပေးရပါကြောင်း၊ စိုက်ပျိုးရာတွင် ( ၁ ) ပေပတ်လည်ကျင်းတူး၍ ( ၇ ) ပေ ပတ်လည်ကြား စိုက်ပျိုးရပါကြောင်း၊ ပထမဦးစွာ မြေအောင်းပိုးသတ်ဆေး၊ အမြစ်ပွား ဆေးရည်များထည့်ပြီးနောက် ကြက်ချေး ( ၁ ) ဆနှင့် ဖွဲပြာ ( ၂ ) ဆ ရောမွေပြီး ကျင်းထဲသို့ နှပ်ထားပြီး ရေလောင်းပြီး ( ၂ ) ရက်ကြာမှ ငှက်ပျောပင်ပေါက်များ စတင်စိုက်ပျိုးပါသည်။ ဘရာဇီးငှက်ပျောပင်သည် ရေကြိုက်သော်လည်း ရေဝပ်ခြင်းကို မကြိုက်နှစ်သက်၍ စိုက်ပျိုးခါစမှာ အပင်များ ပုပ်မသွားစေရန် အထူးဂရုစိုက်ပြီး စိုက်ပျိုးရပါတယ်။ ရာသီဥတုပူလျှင် ( ၁ ) လတစ်ကြိမ် ရေသွင်းစိုက်ပျိုးရပါတယ်။ နေရောင်ခြည်ကို ကြိုက်နှစ်သက်သော အပင်တစ်မျိုးဖြစ်ပါတယ်။ ခြံဝန်းအတွင်း တစ်ဖက်တစ်လှမ်းမှ မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိသားစုလုပ်အားဖြင့် စိုက်ပျိုးပြီး မိမိအိမ်ခြံဝန်းအတွင်း ကြက်များမွေးမြူထားသည့်အတွက် မိမိကြက်ခြံမှထွက်ရှိသည့် ကြက်ခြေးများကို လစဉ် အပင်များ ရှင်သန်ကြီးထွားရေးအတွက် သဘာဝမြေသြဇာသာအသုံးပြု၍ စိုက်ပျိုးပါတယ်။ အခြားစိုက်ပျိုးသည့် ငှက်ပျောစိုက်ခင်းများထက် ဓါတုဆေးဝါးများ၊ မြေသြဇာများ ဝယ်ယူအသုံးပြုခြင်း မရှိသည့်အတွက် ကုန်ကျစရိတ်များ သက်သာပါတယ်။
စတင်စိုက်ပျိုးသည်မှ ( ၈ ) လခန့်တွင် အသီးစတင်သီးပြီး ( ၃ ) ပတ်ခန့်အကြာတွင် ချက်ခြွေပေးခြင်းအားဖြင့် အလုံးအရွယ်အစားနှင့် အဖီးလှရန်အတွက် တစ်ခိုင်လျှင် ငှက်ပျောဖီး ( ၁၀ ) ဖီးသာ ထားရှိပြီး ငှက်ပျောဖူးထိပ်မှ ခုတ်ချခြင်းအားဖြင့် အလုံးအရွယ်အစားလှပြီး၊ အရင်းအဖီးတွင် အလုံးရေ ( ၃၅ ) လုံးခန့်နှင့် အဖျားအဖီးတွင် ( ၁၆ ) လုံးခန့် တင်သောကြောင့် ငှက်ပျောပင်သည် စတင်သီးသည့် အချိန်တွင် အသီးတင်သည့် ငှက်ပျောင်အား ဒေါက်ထောက်ပေး ရပါတယ်။ အသီးသီးသည့် အပင်ဘေးတွင် ငှက်ပျောပင်သားတက်ပွားများလျှင် ငှက်ပျောသီးအလုံး အရွယ်အစား ကြီးထွားမှုကို လျော့ကျစေသည့်အတွက် သားတက်ပွားများကို တူးပစ်ရပါတယ်။ သားတက်ငှက်ပျောပင်များကို ဝယ်ယူသူများရှိပါက တစ်ပင်လျှင် ( ၁၀၀၀ ) ကျပ်ဖြင့် ပြန်လည် ရောင်းချပေးပါတယ်။
ငှက်ပျောသီးရောင်းချရာတွင် တစ်ခိုင်လုံးအပြတ်သာရောင်းချပြီး တစ်လုံးလျှင် ( ၆၀ ) ကျပ်ဖြင့် ( ဗြွန်း ) ရောင်းချပါတယ်။ မိမိကဲ့သို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလိုသူများရှိပါက ငှက်ပျောပင်ပေါက်များရောင်းချပေးနေပြီး၊ စိုက်ပျိုးပုံအဆင့်ဆင့်အား အခကြေးငွေရယူခြင်းမပြုဘဲ မိမိ စိုက်ပျိုးသည် စိုက်ပျိုးနည်းပညာများကိုလည်း ဖြန့်ဝေပေးပြီး ဓာတုဆေးများ အသုံးပြုမှုနည်းပြီး ကုန်ကျစရိတ်သက်သာသည့် သဘာဝစိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးသင့်ပါကြောင်း ငှက်ပျောစိုက်ပျိုးသူ ဦးအောင်သန်းဦး၏ပြောကြားချက်အား ပြန်လည်မျှဝေရေးသားလိုက်ရပါသည်။
DOCA(စစ်ကိုင်း)