
မန္တလေးဈေးကွက်အတွင်းသို့ ဆူးပုတ်ကြီးများ မတ်လဆန်းမှစ၍ ဝင်ရောက်လာပြီ ဖြစ်ပါ သည်။ ဆူးပုတ်ကြီးပင်သည် ဆူးပါသော အနံ့ဆူးရှ အပင်မျိုးဖြစ်သည်။ နေရာဒေသမရွေးရှင်သန် ဖြစ်ထွန်းပါသည်။ ယခင်က မိမိအိမ်ခြံစည်းရိုး၊ လယ်ကန်သင်းရိုးများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုး ရာမှ ယခုအခါ ဧကအလိုက် စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ မတ္တရာဒေသတွင် ငါးမွေးမြူရေး ကန်များ၏ ဘေးပတ်ပတ်လည်တွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ ဆောင်းရာသီရောက်လျှင် ဆောင်းရာသီစာများဖြစ်ကြသော မုန်ညင်း၊ ကိုက်လန်၊ ပန်းမုံလာများ ထွက်ပေါ်တက်သလို နွေဦးရာသီရောက်လျှင် နွေဦးရာသီစာ ပဲကြီး၊ မရမ်းသီး၊ ဂွေးတောက်ရွက်၊ ဆူးပုတ်ရွက်၊ ကင်မွန်း ချဉ်ရွက်၊ မန်ကျည်းရွက် စသည်ဖြင့် နွေဦးရာသီစာများ ထွက်ပေါ်လျှက်ရှိပါသည်။ ပဲကြီးဟင်းချို ဆူးပုတ်ရွက်ခက်ပြီး မရမ်းသီးချဉ်ထောင်းက ယခုရာသီအတွက် လိုက်ဖက်ညီသော ထမင်းမြိန် စေသည့် ဟင်းလျာတစ်ခွက်ဖြစ်သည်။ ဆူးပုတ်ရွက်တွင် ဗီတာမင် A၊ B၊ Cနှင့် အမျှဉ်ဓါတ်၊ သံဓါတ်တို့ပါဝင်သည်။ ခန္ဓာကိုယ်တွင်းအောက်စီဂျင်ပြည့်ဝစေဖို့ အထောက်အကူပြုပါသည်။ အစာကြေစေ၍ အူတွေ၏ အဟာရစုတ်ယူနိုင်ဖို့နှင့် လှုပ်ရှားမှုကောင်းစေဖို့ အထောက်အကူပေးနိုင် ပါသည်။ ဆူးပုတ်ရွက်က ကျန်းမာရေးအတွက် အကျိုးပေးပေမယ့်လည်း ဆီးချို၊ သွေးတိုး ရောဂါရှိသူများနှင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ရောဂါအခံရှိသူများ အလွန်အမင်း စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ အလွန်အမင်းစားမိက အော့အန်တာ၊ မအီမသာဖြစ်တာ၊ စိတ်ခံမှုမကောင်းမျိုးဖြစ်တက်ပါသည်။ ဆူးပုတ်ကြီးရွက်ကို ဟင်းချိုချက်၍သော်လည်းကောင်း၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်တို့နှင့် တွဲ၍ ကြော်ချက်၍သော်လည်းကောင်း၊ ကြက်ဥ၊ ဘဲဥနှင့် ကြော်၍သော်လည်းကောင်း ချက်ပြုတ်စားသောက်ကြပါသည်။ ဈေးကွက်အတွင်း၌ ဆူးပုတ်ကြီး တစ်စည်းလျှင်(၅၀၀/၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ကုန်စိမ်းဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)