
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၈.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်တွင်းကြီးမြို့၊ ဆိတ်ဖူးကျင်း ကျေးရွာသို့ ပဲစဉ်းငုံသီးနှံစိုက်ပျိုးသော တောင်သူဦးနေအောင်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး မိုးသီးနှံ ပဲစဉ်းငုံ စိုက်ပျိုးထွက်ရှိမှုအခြေအနေကို ကွင်းဆင်းလေ့လာမေးမြန်းခဲ့ရာ တောင်တွင်းကြီးမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးခရိုင်အတွင်းတည်ရှိပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်၍ ကြက်သွန်နီ၊ စပါး၊ အာလူး၊ ပဲအမျိုးမျိုးကို နှစ်စဉ်မပြတ် စိုက်ပျိုးကြကြောင်း၊ ပဲစဉ်းငုံသီးနှံကို သီးညှပ် အဖြစ် စိုက်ပျိုးလျှက်ရှိကြကြောင်း၊ ၂၀၂၄ခုနှစ်အတွင်း တစ်မြို့နယ်လုံး စိုက်ဧက (၉၃၅)ဧက ခန့် စိုက်ပျိုးကြောင်း၊ ရာသီဥတုအနေအထား ကောင်းမွန်မှုကြောင့် သီးနှံအထွက်နှုန်းမှာ ကောင်းမွန်ကြောင်း သိရှိရပါသည်။
ယခုနှစ်တွင် ပဲစဉ်းငုံ (သီးညှပ်) စိုက်တောင်သူ ဦးနေအောင်သည် (၂)ဧကခန့် စိုက်ပျိုးထားရှိ ကြောင်း၊ အဓိကစိုက်ပျိုးသီးနှံမဟုတ်ဘဲ ကြားညှပ်ပြီးစိုက်ပျိုးခြင်းဖြစ်သောကြောင့် မြေပြုပြင်စရာမလို ဘဲ ကုန်ကျစရိတ်နည်းပါးကြောင်း၊ နှမ်းအခင်းများအကြားတွင် သီးညှပ်စိုက်ပျိုးမှုများပြားပြီး မြေဖျင်း မြေညံ့များတွင်လည်း စိုက်ပျိုးကြောင်းသိရှိရပါသည်။ တစ်ဧကစိုက်ပျိုးလျှင် မျိုးစေ့ (၂)ပြည်ခန့် ကုန်ကျကြောင်း၊ မျိုးစေ့(၁)ပြည်လျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ (၂)ဧက စိုက်ပျိုးခြင်း ဖြစ်၍(၄)ပြည်ဝယ်ယူရပြီး မျိုးစေ့ဝယ်ယူစရိတ်မှာ (၂၈၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျ ကြောင်း၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး နှမ်းခင်းများကြားတွင် စိုက်ပျိုးသည့်အတွက် သီးသန့် ဆေးဖြန်းခြင်း၊ ပေါင်းသင်ခြင်းများ ပြုလုပ်ရန်မလိုအပ်ပါ။ အပင်ဖြစ်နောက်ကျသည့်အတွက် ဇန်နဝါရီ လအတွင်း စတင်ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးသက်တမ်းမှာ (၅)လခန့်ကြာမြင့်ကြောင်း သိရှိရပါ သည်။
ပဲစဉ်းငုံ (သီးညှပ်)သီးနှံသည် မိုးများစွာ ရွာသွန်းလျှင် အပင်မသန်၍ အထွက်နှုန်းနည်းကြောင်း၊ စတင်စိုက်ပျိုးချိန်တွင် မိုးအကြိုက် ရေများစွာရွာသွန်းခဲ့သော်လည်း အပွင့်ပွင့်ချိန်တွင် မိုးရွာသွန်းမှု နည်းပါးသွားသောကြောင့် အပွင့်မကြွေဘဲ အသီးတင်မှုများ၍ အထွက်နှုန်းမှာ အသင့်အတင့် ကောင်းမွန်ကြောင်း၊ မြေအနေအထားကွာခြားခြင်း၊ စိုက်ပျိုးချိန်တွင် မြေအစိုဓါတ်ကွာခြားခြင်း၊ စိုက်ပျိုးပြီး အပင်ပြုပြင်မှုကွာခြားခြင်း၊ စိုက်ပျိုးမြေသည် သဲမြေဖြစ်လျှင် မိုးများပါက အသီး မတင်ခြင်း၊ အကျဲအစိပ် စိုက်ပျိုး မှုကွာခြားခြင်းတို့ကြောင့် ပဲစဉ်းငုံ (၄)ပြည်စိုက်လျှင် အထွက်နှုန်းမှာ (၄)တင်းမှ (၁၀)တင်းအထိ အမျိုးမျိုး ကွဲပြားထွက်ရှိကြောင်း၊ ယခုနှစ် ပဲစဉ်းငုံစိုက်တောင်သူ ဦးနေအောင်သည် တစ်ဧကလျှင် (၉)တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်အတွင်း အထွက်နှုန်း ကောင်းမွန်ကြောင်း သိရှိရပါသည်။
စျေးနှုန်း/ စျေးကွက်အနေဖြင့် ယခုနှစ်တွင် ပဲစဉ်းငုံ(၁)တင်းလျှင် သီးနှံပေါ်စအချိန်၌ (၉၆၅၀၀) ကျပ်ဖြင့် ရောင်းချရပြီး ယခင်နှစ်စျေးနှုန်းမှာ (၁၁၀၀၀၀)ကျပ်မှ (၁၂၀၀၀၀)ကျပ်အထိ အမြင့်ဆုံး စျေးနှုန်းဖြင့် ရောင်းချခဲ့ရကြောင်း၊ ပဲစဉ်းငုံစိုက်တောင်သူများအနေဖြင့် ယခင်နှစ်ထက် စျေးနှုန်းမကောင်းသော်လည်း အထွက်နှုန်းကောင်းသဖြင့် အမြတ်ပိုမိုရရှိကြောင်း၊ စိုက်ပျိုးထွက် ရှိသော ပဲစဉ်းငုံ များကို တောင်တွင်းကြီးမြို့သို့ သွားရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
တစ်ဧကစိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ (၃၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်းသိရှိရပါသည်။ တစ်ဧကဝင်ငွေမှာ (၈၆၈၅၀၀)ကျပ်ခန့် ရရှိ၍ (၅၁၈၅၀၀)ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း ပဲစဉ်းငုံ စိုက်တောင်သူ၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။
ပဲစဉ်းငုံစိုက်တောင်သူများသည် ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် သီးနှံများကို ပြည်တွင်းသာမက ပြည်ပအထိ သီးနှံကုန်သည်အသင်းမှ နှစ်စဉ် တင်ပို့ရောင်းချမှု ပြုလုပ်ဆောင်ရွက် ပေးနိုင်ပါက စျေးနှုန်း၊ စျေးကွက်များ ပိုမိုကောင်းမွန်လာပြီး အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပဲစဉ်းငုံ သီးနှံသည် စားသုံးသူပြည်သူများ နေ့စဉ်စားသုံးသင့်ပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသော သီးနှံတစ်မျိုးဖြစ်သောကြောင့် နှစ်စဉ်မပြတ် စိုက်ပျိုးပေးသင့် ပါကြောင်း ပဲစဉ်းငုံစိုက် တောင်သူထံမှ တစ်ဆင့် သိရှိရပါသည်။
DOCA(မကွေး)