Main menu

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန် သီဟိုဠ်ဈေးကွက် ယခုနှစ်အမြင့်ဈေးရရှိပြီး တောင်သူများ တွက်ခြေကိုက်လျက်ရှိ

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန် သီဟိုဠ်ဈေးကွက်မှာ ရာသီသီးနှံ အဖြစ် ဖေဖော်ဝါရီလကုန်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး မတ်လပိုင်းဆိုလျှင် သီဟိုဠ် လှိုင်လှိုင်ပေါ်သည့် အချိန်ဖြစ်ကြောင်း၊ သီဟိုဠ်ရာသီမှာ မိုးမရွာခင်အချိန်ထိ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်၍ မေ၊ ဇွန်လများတွင် မိုးဖြိုင်ဖြိုင်ရွာသွန်းပါက သီဟိုဠ်စေ့မှာ မိုးမိလျှင် ရေဝင်ကာ အသီးမှာ မဲသွားသည့်အတွက် ဈေးကွက်တွင် အရောင်းအဝယ် မဖြစ်တော့ဘဲ သီဟိုဠ်ရာသီပြီး ဆုံးသွားကြောင်း ဈေးကွက်မှ သိရသည်။

             တိုင်းအတွင်း သီဟိုဠ်စိုက်ဧက (၆၅၀၀၀) ခန့်ရှိပြီး မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်နှင့် လပွတ္တာခရိုင် အပါအဝင် သီဟိုဠ်အများဆုံး ထွက်ရှိရာဒေသများမှာ ပုသိမ်ခရိုင်အတွင်း ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်နှင့် ငပုတောမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေဒေသကျေးရွာများအပြင် ချောင်းသာ၊ ငွေဆောင်၊ မော်တင်စွန်းဒေသများတွင်လည်း စိုက်ပျိုးလျှက်ရှိကြောင်း၊ ပုသိမ်မြို့ပေါ်တွင် သီဟိုဠ်စေ့ကုန်ကြမ်း ဝယ်ယူသည့်ဒိုင် (၈/၉) ဒိုင်ခန့်ရှိ၍ ဝယ်ယူရရှိသော သီဟိုဠ်စေ့ ကုန်ကြမ်းများကို ရန်ကုန် ဈေးကွက်သို့ အဓိကတင်ပို့၍ ရန်ကုန်ရှိ သီဟိုဠ်ခွဲစက်များမှ ကုန်ချောများပြုလုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အဝယ်ဒိုင်များမှ သိရသည်။

           ပုသိမ်မြို့ပေါ်တွင် သီဟိုဠ်ကုန်ချောများ ထုတ်လုပ်သည့် ခွဲစက်များရှိပြီး ကုန်ကြမ်းများကို ဝယ်ယူ၍ နှစ်ပတ်လည်သိုလှောင်ကာ ကုန်ချောပြုလုပ်ပြီး လစဉ်မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခင်နှစ်က သီဟိုဠ်စေ့ပေါ်ချိန် (၁) ပိဿာလျှင် (၄၀၀၀/၄၁၀၀) ကျပ်ဈေးသာရှိပြီး ယခုနှစ် သီဟိုဠ်ပေါ်ချိန် (၁) ပိဿာလျှင် (၈၀၀၀/၈၂၀၀) ကျပ်နှင့် ဈေးကွက်မှ အရောင်းအဝယ်ဖြစ်ပြီး တောင်သူများ ယခင်နှစ်ထက် ဈေးပိုရရှိ၍ တွက်ချေကိုက်လျှက်ရှိကြောင်း၊ မတ်လ သီဟိုဠ်လှိုင်ချိန်မှာလည်း ဈေးကောင်းရရှိပြီး အချို့မြို့နယ်များတွင် ဈေးကွက်ပေါ်မူတည်၍လည်း ဈေးနှုန်းကွာခြားမှုရှိနိုင်ကြောင်း မြို့ပေါ်ရှိ သီဟိုဠ်အဝယ်ဒိုင်များမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)