စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၁.၃.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြိုင်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုင်မြို့နယ်တာဝန်ခံနှင့် ပူးပေါင်း၍ မတ်လ(၁၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အသိပညာပေး” Talk Show ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Talk Showတွင် မြိုင်မြို့နယ်တာဝန်ခံက မြန်မာနိုင်ငံမှာ စားသုံးသူအခွင့်အရေးများကို စနစ်တကျ ဥပဒေတစ်ရပ်အနေနဲ့ ပြဌာန်းထားရှိပြီး ဥပဒေအရ အကာအကွယ်ပေးထားရှိမှုအကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေး ဥပဒေတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများမှ ကုန်စည်ဝန်ဆောင်မှု အသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားမှုနှင့် ဖြေရှင်းပေးမှုများအကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့နှင့်ပတ်သက်ပြီး ဌာနမှအသိပညာပေး ကမ်ပိန်းဆောင်ရွက်မှုများအကြောင်းအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)