
သခွားမွှေးသီးသည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိသော သစ်သီးတစ်မျိုးဖြစ်ပြီး၊ အသီး၏ပုံသဏ္ဍာန်မှာအလုံး၊ ဘဲဥပုံ၊ လုံးရှည်ပုံစသည်ဖြင့် အမျိုးမျိုး ရှိပြီး၊ အခွံအရောင်မှာ အစိမ်း၊ အဖြူ၊ အဝါ၊ ဆင်စွယ်ရောင်တို့ဖြစ်ပြီး၊ အတွင်းသားအရောင်မှာလည်း ဖြူစိမ်း၊ လိမ္မော်နီ၊ အစိမ်းစသည့် အရောင်များရှိသည်။
မြင်းခြံမြို့နယ်၏ စည်ပင်သာယာဈေးဖြစ်သော မြို့မဈေးအတွင်းရောင်းချနေသော သခွား မွှေးသီးတစ်လုံးလျှင်(၄၅၀၀)ကျပ်မှ(၅၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိပြီး၊ အလုံးကြီးအသေးပေါ် မူတည်၍ဈေးနှုန်းများ အနည်းငယ်ကွာခြားကြောင်း၊ ဈေးကွက်သို့ ဝင်ရောက်မှုအနေဖြင့် မန္တလေး မြို့ရှိသစ်သီးပွဲရုံများမှ ဝယ်ယူတင်သွင်းရောင်းချကြောင်း သစ်သီးရောင်းချသူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။ ယခုဈေးကွက်တွင် ရောင်းချလျက်ရှိသော သခွားမွှေးသီး၏အခွံရောင်သည် အဖြူရောင်ဖြစ်ပြီး၊ အတွင်းသားအရောင်မှာ လိမ္မော်နီရောင်ဖြစ်၍ အရသာမှာချိုအေးပြီး စားသုံးမှု များသောကြောင့် အရောင်းသွက်လျက်ရှိသည်။ ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့် အသားအရေ လှပခြင်း၊ ဗီတာမင်အေနှင့် ဗီတာမင်စီတို့ပါဝင်သောကြောင့် ဝက်ခြံ၊ အရေးအကြောင်းများကို သက်သာစေပြီး၊ အသားအရေကိုကြည်လင်စေခြင်း၊ အစာခြေစနစ်ကောင်းမွန်ခြင်း၊ အမျှင်ဓာတ် ကြွယ်ဝ၍ဝမ်းမှန်စေပြီး အူလမ်းကြောင်းကျန်းမာရေးကိုအထောက်အကူပြုသည်။ သခွားမွှေးသီး သည် အချိုပွဲအဖြစ်သာမက အသီးနုများကို အတို့အမြှုပ်အဖြစ်ဟင်းလျာများတွင်လည်း ချက်ပြုတ် စားသုံးနိုင်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)