မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (ဧရာ၀တီတိုင်းဒေသကြီး)၏ ၂၀၂၂-၂၀၂၅ သက်တမ်းကာလ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၁၂-၆-၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ဧရာ၀တီတိုင်းဒေသကြီး၊း စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီ ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းချုပ်(ဗဟို)မှ ဥက္ကဋ္ဌ ဦးကျော်၀င်းနှင့်အဖွဲ့၀င်များ၊ဧရာ၀တီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်နှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ ဧရာ၀တီတိုင်းဒေသကြီး၊ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦး၀င်းမြင့်လှိုင်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (ဧရာ၀တီတိုင်းဒေသကြီး) ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ စုစုပေါင်း (၆၂) ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ဧရာ၀တီတိုင်းဒေသကြီ၊း စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ရွေးချယ်တင်မြှောက်ပွဲသို့ မိမိတို့ဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုတိုတက်ရေး၊ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်း ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ မိမိတို့၀န်ကြီးဌာနအနေဖြင့် အသင်းအဖွဲ့များဖွဲ့စည်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကို အားပေးကူညီရန်လည်း ညွှန်ကြားထားပြီး ယနေ့ရွေးချယ်လိုက်သည့် ဥက္ကဋ္ဌများ၊ CEC များအနေဖြင့်လည်း Export ကဏ္ဍတိုးတက်မြင့်မားအောင်တင်ပို့နိုင်ရေး၊ ဆန်စက်တွေ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသစ်ဖွဲ့စည်းလိုက်သောအဖွဲ့မှ အားကြိုးမာန်တက်ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့အနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ပါ၀င်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တက်ရောက်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်၀င်းက မိမိတို့မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းသည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် အရေးကြီးသော အစုအဖွဲ့ဖြစ်ပြီး၊ မိမိတို့ဆန်စက်လုပ်ငန်းရှင်များအသင်းသည် အင်မတန်အင်အားကြီးမားသော အသင်းဖြစ်ကြောင်း၊ အသင်းသူအသင်းသားများသာမက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ဆန်စပါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
အမှုဆောင်ရွေးချယ်ရေးအတွက် ရွေးချယ်ရေးကော်မတီ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းချုပ် (ဗဟို)မှ အတွင်းရေးမှူး ဦးနေလင်းဇင်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်က အဖွဲ့၀င်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ(ဧရာ၀တီတိုင်းဒေသကြီး) ဥက္ကဋ္ဌမှ တာ၀န်ပေးသူ ဦးထွန်းအောင်က အဖွဲ့၀င်အဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌမှ ဦးဆောင်၍ အဆိုပြုတင်သွင်းချက်များအပေါ် ထောက်ခံမှုအရ စီမံခန့်ခွဲရေးကော်မတီနှင့် အမှုဆောင်များအား ရွေးချယ်ခဲ့ရာ ဥက္ကဌ (၁)ဦး၊ အတွင်းရေးမှူး (၁)ဦး၊ ဒု-ဥက္ကဌ (၅)ဦး၊ တွဲဖက်အတွင်းရေးမှူး (၅)ဦး၊ ဘဏ္ဍာရေးမှူး (၁)ဦး၊ တွဲဖက် ဘဏ္ဍာရေးမှူး (၄)ဦး၊ စာရင်းစစ် (၁)ဦး၊ တွဲဖက်စာရင်းစစ် (၃)ဦး စုစုပေါင်း စီမံခန့်ခွဲရေး ကော်မတီ၀င် (၂၁)ဦးအား ရွေးချယ်ကြောင်း ကြေငြာခဲ့ပြီး မိမိတို့ (ဗဟို)အသင်းမှ အလုပ်အမှုဆောင် (CEC) အစည်းအဝေးကို ရက်ပေါင်း (၆၀)လျှင် (၁)ကြိမ်နှင့် (EC) အစည်းအဝေးကို ရက် (၁၂၀) (၄)လလျှင် (၁)ကြိမ်ကျင်းပမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက Zoom ဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၅ အမှုဆောင်သစ်ရွေးချယ်ပွဲတွင် တိုင်းအမှုဆောင် (၃၁)ဦးနှင့် စီမံခန့်ခွဲရေးကော်မတီ (၂၁)ဦးတို့ကို ရွေးချယ်ပြီးဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အခန်းကဏ္ဍအနေဖြင့် စိန်ခေါ်မှုအခက်အခဲများနဲ့ တွေ့ကြုံရမှာဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့်လုပ်ငန်းရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရွေးချယ်ရေးကော်မတီအဖွဲ့၀င် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်က ရွေးချယ်ခံရသည့် အမှုဆောင်များ၏အမည်စာရင်းကို ဖတ်ကြားပြီး ဥက္ကဋ္ဌအသစ် ဦးစိုး၀င်း (ပုသိမ်)က ယနေ့ရွေးချယ်ပေးပါသော မြို့နယ်စုံမှ စီမံခန့်ခွဲမှုကော်မတီ (၂၁)ဦး၊ အမှုဆောင် (၃၁)ဦးပါ၀င်ပြီး မိမိတို့အသင်းအတွက်လည်း ရွေးချယ်ခံရသူများက အားကြိုးမာန်တက်ဆောင်ရွက်ပေးပါရန်နှင့် အားလုံးတက်ညီလက်ညီချိတ်ဆက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိအနေဖြင့်လည်း ဒေသတွင်းရှိ ဆန်စက်များ၏ဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြား၍ အစည်းအဝေးကို (၁၂:၃၀) ခန့်တွင် ရုတ်သိမ်းခဲ့ပါသည်။
DOCA(ဧရာဝတီ)