
မေမြို့(ခေါ်) ပြင်ဦးလွင်မြို့သည် လူမျိုးဘာသာပေါင်းစုံ ချစ်ကြည်စွာနေထိုင်သည့် အပြင်ဘာသာပေါင်းစုံနှင့်ဆက်နွယ်သော ဘုရားကျောင်းများတည်ရှိရာတောင်ပေါ်မြို့ ဖြစ် သည်။ရာသီဥတုမှာလည်း သင့်တင့်အေးမြသည့်အတွက် နှစ်ရှည်ခံသီးနှံပင်များ စိုက်ပျိုးမှုတွင် များစွာအထောက်အကူပြုလျက်ရှိသည်။ ပြင်ဦးလွင်မြို့ မက်မန်းပင်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ၃၀၀၀မှ၄၅၀၀ကြားနှင့် အေးမြစိုစွတ်သောရာသီဥတုတွင် စိုက်ပျိုး နိုင်သော အအေးပိုင်းသီးနှံမက်မန်းပင် အမျိုးအစားဖြစ်သည်။ လက်ရှိပြင်ဦးလွင်ဒေသတွင် စိုက်ပျိုးနေသော မက်မန်းသီးပင်မျိုးများမှာ ပြင်ဦးလွင်မြို့သို့ ကိုလိုနီအစိုးရမှယူခဲ့သော မျိုးစိတ်ပင်များဖြစ်သည်ဟုလည်း သိရှိရသည်။
ပြင်ဦးလွင်ဒေသထွက်ကုန်မက်မန်းသည် ဈေးကွက်ဝင်သီးနှံ တစ်မျိုးဖြစ်သည့်အပြင် ၁၂ လ ရာသီပတ်လုံးထုတ်လုပ်ရောင်းချနိုင်သော စီးပွားဖြစ်သီးနှံဖြစ်သည်။ ယခုအခါ ပြင်ဦးလွင်မြို့နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တောင်သူများမှ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလျက်ရှိပြီး မက်မန်းအသင်းများ စုဖွဲ့ကာလုပ်ငန်းများပူးပေါင်းဆောင်ရွက်လျက် ရှိသည်။လက်ရှိပြင်ဦးလွင်မြို့နယ်တွင်း မက်မန်းဧက၁၀၀၀ခန့်စိုက်ပျိုးထားပြီး တန်ဖိုးမြှင့် ထုတ်ကုန်များလည်း ထုတ်လုပ်လျက်ရှိသည်။
စိုက်ပျိုးနည်းအားဖြင့် အစေ့မှပျိုးခြင်း၊ ကိုင်းဖြတ်၍စိုက်ပျိုးခြင်း၊ မြေထုပ်စည်းခြင်း၊ ဖက်တင်ကူနည်းဖြင့်ပျိုးခြင်း ၊အမြစ်မှအတက်ပေါက်ဖဲ့ယူခြင်းနည်းများကို အသုံးပြုကြ သည့်အပြင် မျိုးစုဆောင်းမည်ဆိုပါက မေလအတွင်းSucker အပင်ပေါက်များကို တူးယူကာ အမြစ်ထွက်စေသော ဟော်မုန်းဆေးများအသုံးပြု၍ မျိုးစုဆောင်းနိုင်သည်။အချိန်အားဖြင့် ဧပြီလနှင့်ဇွန်လအတွင်း စိုက်ပျိုးပါက အသင့်လျော်ဆုံးချိန်ဖြစ်ပြီး အထွက်နှုန်းမှာလည်း အကောင်းဆုံးဟုသိရှိရသည်။တစ်ဧကလျှင် အပင်ရေအားဖြင့် ၁၉၃ပင် စိုက်ပျိုးနိုင်ပြီး တစ်ပင် နှင့်တစ်ပင် ၁၅ပေခြား စိုက်ပျိုးနိုင်ကြောင်းသိရှိရသည်။ မျိုးအားဖြင့် မက်မန်းအနီ၊ မက်မန်း အဝါ၊ မက်မန်းအစိမ်းနှင့် အလုံးကြီးမက်မန်းမျိုး (Table Type)လည်း ယခုနောက်ပိုင်း စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
စတင်စိုက်ပျိုးသည့်သက်တမ်း ၃နှစ်မှ၅နှစ်အတွင်းပန်းစတင်ပွင့်၍ ပထမအသီးတင် ရရှိသောအပင်ကိုခူးဆွတ်ခြင်းမပြုဘဲ အပင်အာဟာရပြည့်စေရန်အသီးချွေခြင်းသာပြုလုပ် ကြကြောင်းသိရှိရပါသည်။ အသီးသီးချိန်မှစတင်၍ လေးလတာကြာမြင့်ချိန်တွင် အသီးများ ရင့်မှည့်လာကာ စတင်ခူးဆွတ်နိုင်ကြောင်း၊ မက်မန်းပင်သည် စိုက်ပျိုးပြီးသည့်အချိန်မှ နှစ်ရှည်ခံအပင်ဖြစ်ကာ မက်မန်းစိုက်တောင်သူများအဖို့ နှစ်စဉ်စီးပွားဖြစ် ဝင်ငွေတိုးအကျိုး အမြတ်များလျက်ရှိသည်။ မက်မန်းသီးသည် သီးစားမျိုး နှင့်ဆားရေစိမ်မျိုးဟူ၍ရှိပြီး သီးစား မျိုးတွင်အညိုရောင်ရှိ၍ အလုံးကြီးကာ ဆားရည်စိမ်မျိုးတွင် အညို၊ အနီ၊ အဝါရှိ ကြောင်း မက်မန်းဝိုင်၊မက်မန်းသီးဆားရေစိမ်၊ ပျားရည်စိမ်အသီးနှင့် မက်မန်းယိုစုံ၊ မက်မန်း တော်ဖီများကိုလည်း မိရိုးဖလာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိ ကြောင်းသိရသည်။
လက်ရှိဈေးကွက်တွင်း မက်မန်းသီးများမှာ ယခင်သိုလှောင်ထားသော အသီးများ သာ ဖြစ်၍မက်မန်းသီးစိမ်း(၁)တင်းလျှင်(၁၅၀၀၀ မှ ၂၀၀၀၀)ကျပ်၊ဆားရည်စိမ်သီး (၁)တင်း လျှင်(၃၀၀၀၀ မှ ၃၅၀၀၀)ကျပ်ထိရောင်းချကြကြောင်း၊ ယခုနှစ်တွင်မက်မန်းသီးစိမ်းထွက် ပေါ်ခြင်းမရှိသေးသော်လည်း ကုန်ဈေးနှုန်းမြင့်မားမှုများကြောင့် ယခုနှစ်အတွင်း ဈေးမှာ ခန့်မှန်း၍မရသေးကြောင်းသိရှိရပါသည်။
ယခုအခါစားသုံးသူဦးစီးဌာနမှမက်မန်းအသင်းအစုအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက် ကာမက်မန်းစိုက်တောင်သူများကို စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရန်၊ အရည်အသွေး ပြည့်ဝသောအသီးအထွက်နှုန်းများတိုးများလာစေရန်နှင့်(One region –One Product ) ဆိုသည့် ပြင်ဦးလွင်ဒေသထွက်မက်မန်းသီးဖြစ်လာစေရန် အဓိကထားရည်ရွယ်၍ ဆောင်ရွက် လျက်ရှိသည်။ ထိုမှတစ်ဆင့်ဒေသတွင်းဖွံ့ဖြိုးရေးနှင့် (MSME) အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာကာ နိုင်ငံတော်၏စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက် မှုတွင်အထောက်အကူပြုစေသည့်အပြင် မက်မန်းပင်သည် နှစ်စဉ်နှစ်တိုင်း ဝင်ငွေရရှိသော သီးနှံဖြစ်၍ဝင်ငွေတိုးချင်သူများအဖို့ စိုက်ပျိုးစေရန်အလို့ငှာ အကြံပြုရေးသားလိုက်ရပါသည်။
DOCA(မန္တလေး)