Main menu

အိန္ဒိယမှ ဥရောပသို့ တင်ပို့ခဲ့သော ဆန်အချို့တွင် အာဖလာတော့ဆင်မှိုဆိပ် ပါဝင်ကြောင်းတွေ့ရှိရ

Powered by Drupal

          အိန္ဒိယနိုင်ငံမှ ဥရောပသမဂ္ဂသို့ တင်ပို့ခဲ့သော ဆန်အချို့တွင် အဆိပ်ရှိပစ္စည်းတစ်မျိုးဖြစ် သော အာဖလာတော့ဆင်မှိုဆိပ် (Aflatoxin) အနည်းငယ်ပါဝင်မှုရှိသည် တွေ့ရှိခဲ့ရပြီး အစိုးရ အနေ ဖြင့် ဆန်တင်သွင်းသည့်နိုင်ငံများ၏ သွင်းကုန်ဆိုင်ရာလိုအပ်ချက်များနှင့် ကိုက်ညီအောင် ဆောင် ရွက်လျက်ရှိသည်ဟု အိန္ဒိယ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Jitin Prasada က လော့ဆာဘလွှတ်တော် (Lok Sabha) သို့ မတ်လ ၁၁ ရက်နေ့၌ စာဖြင့်ရေးသား ဖြေကြားရာ တွင် ဖော်ပြခဲ့သည်။

          မကြာသေးမီကာလများအတွင်း ဥရောပသမဂ္ဂအနေဖြင့် ဆန်၌ Aflatoxin B1 အမျိုးအစား မှိုဆိပ် အမြင့်ဆုံးပါဝင်မှုအဆင့် (maximum residue levels - MRLs) သတ်မှတ်ချက်ကို ပြင်ဆင်မှု မရှိခဲ့ကြောင်း၊ အိန္ဒိယမှ ဥရောပသမဂ္ဂသို့ တင်ပို့ခဲ့သော ဆန်အချို့တွင် အဆိုပါမှိုဆိပ် အနည်းငယ် ပါဝင်မှုရှိသည်ကို တွေ့ရှိရသော်လည်း လွန်ခဲ့သော ၅ နှစ်အတွင်း တမီနာဒူနှင့် အန္တရာပရာဒေ့ရှ် ပြည်နယ်များရှိ ပို့လုပ်ငန်းရှင်များမှ တင်ပို့ခဲ့သော ဆန်များတွင် မှိုဆိပ်ပါဝင်သည်ဟု သတင်းပို့ တိုင်ကြားမှု တစ်စုံတစ်ရာမျှ မရှိခဲ့ကြောင်း၊ ကုန်သွယ်မှုအချက်အလက်များအရ အိန္ဒိယမှ ဥရောပ သို့ ဆန်တင်ပို့မှုမှာ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ၁၁၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါကာလအတွင်း ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုသည် ၅၀၀ ရာခိုင် နှုန်းအထိ တိုးတက်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ အပါအဝင် ဆန်တင်သွင်းသည့် နိုင်ငံများ၏ သွင်းကုန်ဆိုင်ရာလိုအပ်ချက်များနှင့် ကိုက်ညီအောင် လုပ်ဆောင်လျက်ရှိပြီး ပိုးသတ် ဆေးဓာတ်ကြွင်းနှင့် အဆိပ်သင့်ပစ္စည်းများ သိသာထင်ရှားသည့် အဆင့်အောက် လျော့နည်း၍ ပါဝင်မှုရှိသည့် ကိစ္စရပ်များရှိပါကလည်း သက်ဆိုင်နိုင်ငံနှင့် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေး ဆောင်ရွက်မှု ပြုကြောင်း Mr. Prasada က ပြောဆိုခဲ့သည်။

          နှစ်နိုင်ငံညှိနှိုင်းဆွေးနွေး၍ ဖြေရှင်းနိုင်မှုမရှိသည့် ကိစ္စရပ်များအတွက်မူ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ သီးခြားကုန်သွယ်ရေးကိစ္စရပ်များအဖြစ် တင်ပြဖြေရှင်းရမည်ဖြစ်သည်။ ဥရောပသမဂ္ဂနှင့် အခြားသော ဆန်တင်သွင်းသည့် နိုင်ငံများ၏ ပိုးသတ်ဆေးနှင့် မှိုဆိပ်များ အမြင့်ဆုံးပါဝင်မှုအဆင့် သတ်မှတ်ချက်များနှင့်အညီ စပါးစိုက်တောင်သူများက ထုတ်လုပ်စေရေးနှင့် ကောင်းမွန်သော စိုက်ပျိုးမှု အလေ့အထများကို ကျင့်သုံးမှုရှိစေရေးတို့အတွက် ပြည်နယ် စိုက်ပျိုးရေးဌာနများနှင့် စိုက်ပျိုးရေးတက္ကသိုလ်များသည် စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် အသိပညာပေး အစီအစဉ်များကို လုပ်ဆောင်လျက်ရှိသည်ဟု အိန္ဒိယ rediff.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

Source: Rediff.Com, 11 Mar 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)