
မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များသည်နှစ်စဉ်နှစ်တိုင်းရိုးရာမပျက် လအလိုက် ကျင်းပပြုလုပ်လျက်ရှိပြီး ရိုးရာပွဲများအပြင် တပေါင်းလ၌အညာသူအညာသားများသည် တပေါင်းလ တွင်ရှေးထုံးလမ်းအစဉ်အလာအတိုင်း ရိုးရာပွဲတစ်ခုဖြစ်သည့် ပုန်းမကြည်နတ်ပူဇော်ပသတင်မြှောက် ခြင်းကိုလည်း တပေါင်းလဆန်းသည်နှင့် တပြိုင်နက် ကျင်းပပြုလုပ်လေ့ရှိပါသည်။
တောင်ယာလယ်မြေလုပ်ကိုင်သူ တောင်သူဦးကြီးတို့အတွက် စိုက်ပျိုးသီးနှံများဖြစ်ထွန်း အောင်မြင်စေဖို့အတွက် မိုးလေဝသမှန်ကန်ပြီး ဆန်ရေစပါးပေါကြွယ်ဝစေရန် ရှေးယခင်ဘိုးဘွား မိဘများလက်ထက်ကပင်စ၍ ယုံကြည်မှုရှိခဲ့ပြီး ရိုးရာမပျက်မုန့်ဆီကြော်များ တင်မြှောက်လာကြ သည်မှာယနေ့တိုင်ဖြစ်ပါသည်။ ယခုမတ်လဆန်းမှစ၍ ပူဇော်တင်မြှောက်ကြသည့် ရာသီအချိန် အခါကို ကျရောက်လာသည့်အတွက် ကောက်ညှင်းဆန်မှုန့်များ အရောင်းအဝယ်ဖြစ်ကြောင်း ၊ ကောက်ညှင်းဆန်ဖြင့် မုန့်လက်ကောက်၊ မုန့်ဆီကြော်၊ မုန့်လုံးရေပေါ် ၊ အကြော်မျိုးစုံ တို့ကိုအများ ဆုံးပြုလုပ်ရောင်းချကြပြီး ၊ ကောက်ညှင်းမှုန့်ဈေးနှုန်းများအနေဖြင့် (၂၅)ကျပ်သားလျှင် (၂၀၀၀) ကျပ်၊ (၁)ပိဿာလျှင် (၇၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိကြောင်း သိရသည်။ မုန့်ဆီကြော်ပြုလုပ် ရာတွင် ကောက်ညှင်းမှုန့်၊ ထန်းလျက်၊ ဆား၊ စားသုံးဆီတို့ အသုံးပြုရပြီး မုန့်ဆီကြော် တစ်ပိဿာ လျှင်(၁၆၀၀၀)ကျပ်ဖြင့် တပေါင်းလရာသီမှာ အရောင်းအဝယ်သွက်လျက်ရှိပြီး ဒေသခံမြန်မာ မုန့်ရောင်းချသူများအနေဖြင့်လည်း အဝယ်လှိုင်၍အရောင်းသွက်ကြောင်း မုန့်ဆီကြော်ရောင်းချသူ တစ်ဦးထံမှ သိရသည်။
DOCA(မန္တလေး)