
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီသည် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆,၈၅၅ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ပြည်တွင်းစားအုန်းဆီ ရည်ညွှန်းဈေးနှုန်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် တစ်ပိဿာရည်ညွှန်းဈေး ၇,၂၈၀ ကျပ်ဖြစ်ခဲ့ရာမှ ယနေ့ မတ်လ ၂၄ ရက်နေ့တွင် ၆,၈၅၅ ကျပ်ဖြစ်သောကြောင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းမှ ယခုအချိန်ထိ တစ်ပိဿာအပေါ် 425 ကျပ်အထိ ဈေးနှုန်းကျဆင်းလာခဲ့ကြောင်းနှင့် သုံးလဆက်တိုက်ဈေးနှုန်းများကျဆင်းလာကြောင်း သိရှိရ သည်။
ပြည်တွင်းစားအုန်းဆီ ဈေးနှုန်းများသည် ပြည်ပစားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့တွင် အပတ်စဉ်ဖြစ်ပေါ်နေသော ဈေးနှုန်းများနှင့် ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းများအပေါ်မူတည်၍စားအုန်းဆီအခြေခံရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(နေပြည်တော်)