
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး နှင့် ဥယျာဉ်စိုက်ပျိုးရေးကို အဓိကထား၍ အသက်မွေးဝမ်းကြောင်းဆောင်ရွက်လျက်ရှိရာ ဘူးသီး စိုက်ပျိုးမှုသည် ဓနုဖြူဒေသရဲ့ ဝင်ငွေတိုးမြှင့်ခြင်း နည်းလမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဘူးသီးသည် ဗီတာမင် C ကြွယ်ဝမှုကြောင့် ကိုယ်ခံအား တိုးစေသကဲ့သို့ ဖိုင်ဘာဓါတ်လည်း ပါရှိသည့် အတွက်ကြောင့် အစာချေမှုစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ မြန်မာလူမျိုး များကတော့ ဘူးသီးအား မုန့်နှစ်ဖြင့်ကြော်၍ စားသုံးရခြင်းကို လွန်စွာမှ နှစ်သက်ကြပါတယ်။ ဓနုဖြူ မြို့နယ်အတွင်းရှိ တောင်သူများသည် နိုဝင်ဘာလအတွင်း ဘူးပင်အားစိုက်ပျိုးပြီး၊ နှစ်လခန့် ကြာပြီးနောက် ဖေဖော်ဝါရီလမှစ၍ ဘူးသီးများကိုခူးဆွတ်ရောင်းချနေနိုင်ပြီ ဖြစ်ပါတယ်။ ဘူးပင်အား စိုက်ပျိုးရာတွင် "စင်တင်စနစ်"ဖြင့် စိုက်ပျိုးသည့်နည်းလမ်းကို အသုံးပြုကြပြီး၊ တစ်ဧကတွင် ဘူးပင် ၁၈၀ ခန့် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးမှုအတွက် ကုန်ကျစရိတ်မှာ တစ်ဧကလျှင် ခန့်မှန်း၍ ကျပ် ၁၇ သိန်းကျော်ရှိနိုင်ပါတယ်။ ဘူးသီးများအား တစ်လလျှင် ၄ ကြိမ်ခန့် ခူးဆွတ်နိုင်ပြီး၊ တစ်ဧကတွင် ဘူးသီး ၄၁၀၀ - ၄၃၀၀၀ လုံးခန့် ထွက်ရှိပါတယ်။ ဘူးသီးများကို ဓနုဖြူနှင့် ပန်းတနော်မြို့နယ်တို့ရှိ လက်ကားကုန်စိမ်းဆိုင် များနှင့် ဘူးသီးကြော် အရောင်းဆိုင် များသို့ တိုက်ရိုက်ရောင်းချခြင်းများမှ တစ်ဆင့် ဓနုဖြူမြို့ရှိ တောင်သူများမှာ ဝင်ငွေကောင်း များလည်း ရရှိလျက်ရှိပါတယ်။
ထို့အပြင် ဘူးသီးအား အခြောက်ခံကာ ဘူးသီးခြောက်ပြုလုပ်၍ လက်မှုပစ္စည်းများ ဖြစ်သည့် ရေဘူး၊ လက်ကောက်၊ နားဆွဲ စသည်ဖြင့် တီထွင်ဆန်းသစ်မှုများလည်း ဆောင်ရွက် နိုင်သေးသည့်အတွက် ဘူးပင်စိုက်ပျိုးရေး ဓနုဖြူ ဒေသအတွင်း လုပ်ငန်းဖွံ့ဖြိုးမှုအတွက်လည်း တကယ်အထောက်အကူပြုနိုင်သော အခွင့်အရေး တစ်ရပ်ဖြစ်လာနေပြီဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပါတယ်။
DOCA(ဧရာဝတီ)