
မြင်းခြံမြို့ရှိ အေးမြသီတာဈေးတွင် နေ့စဉ်ဈေးရောင်းချသူများ၊ ဈေးဝယ်သူများနှင့်စည်ကား လျက်ရှိရာ ကညွတ်ရောင်းချသူဈေးသည်များလည်းအပါအဝင်ဖြစ်ပါသည်။ ကညွတ်သည် မြန်မာ့ ဆေးကျမ်းများအဆိုအရ ချိုအေးသောအရသာရှိ၍ အေးသောဂုဏ်သတ္တိရှိခြင်း၊ သလိပ်ကိုကြေစေ၍ သွေးသည်းခြေကိုနိုင်ခြင်း၊ သွေးလွန်၊ သွေးအန်ခြင်းတို့ကို ပယ်ဖျက်နိုင်ခြင်း၊ အရွက်၊ အပင်၊ အစို့၊ အမြစ်၊ အသီးအားလုံးသည် လူတို့အားအကျိုးပြုကြောင်း သိရသည်။ သို့သော် အစို့၊ အမြစ်သည် အဓိကအသုံးကြကြောင်း၊ အမြစ်ကိုချက်ပြုတ်စားသောက်၍သော်လည်းကောင်း၊ နွားနို့နှင့်အတူနို့ ထမင်းပြုလုပ်၍သော်လည်းကောင်း စားပါကအားကိုဖြစ်စေကြောင်း၊ ကညွတ်မြစ်ဥအရေကို ကျိုချက်၍ရသောအဆီဖြင့် အဆစ်ရောင်ခြင်း၊ အဆစ်ကိုက်ခြင်းနှင့်လေရောဂါတို့ကို လိမ်းပေးပါက ပျောက်ကင်းသက်သာစေကြောင်း၊ ကညွတ်မြစ်အရည်ကို ပျားရည်၊ နွားနို့ရည်တို့နှင့်ရော၍ သောက် သုံးပါက ဆီးပူ၊ ဆီးအောင့်ခြင်း၊ ကိုက်ခဲခြင်းနှင့်အမျိုးမျိုးသော သည်းခြေရောဂါများ ပျောက်ကင်းနိုင် ပါကြောင်း၊ ၎င်းအမြစ်အရည်ကို နွားနို့နှင့်အလေးချိန် ဆတူရောစပ်၍သောက်သုံးပါက ကြာရှည်စွာ စွဲကပ်နေသော ကျောက်တည်ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါကြောင်း၊ အဆိပ်အမျိုးမျိုး သင့်သောရောဂါများကို ပျောက်ကင်းစေနိုင်သလို အညွန့်ကိုစားသုံးခြင်းဖြင့် လေကိုကြေစေခြင်း၊ အင့်အားကိုဖြည့်တင်းစေခြင်း၊ သွေးအားကောင်းစေသဖြင့် သားဖွားပြီးမိခင်များ စားသုံးရန်အထူး သင့်လျော်ကြောင်း သိရသည်။ ကညွတ်ကို ကြက်ဥနှင့်ကြော်စား၍လည်းကောင်း၊ ပုဇွန်ခြောက်မှုန့် ဖြင့် သုပ်စား၍သော်လည်းကောင်း စားသုံးလျက်ရှိကြောင်းနှင့် မြင်းခြံမြို့နယ်အတွင်းရှိ ထန်းပင်ကန်၊ ကံရွာ၊ ညောင်တိုကျေးရွာများတွင် စိုက်ပျိုးမှုများပြီး မြင်းခြံမြို့ပေါ်သို့ လာရောက်ရောင်းချကြ ကြောင်း၊ ဈေးနှုန်းများအနေဖြင့် ကညွတ်အကြီး(၅၀)ကျပ်သားတစ်စည်းလျှင်(၇၀၀၀)ကျပ်၊ အလတ် (၅၀)ကျပ်သားတစ်စည်းလျှင်(၅၀၀၀)ကျပ်၊ အသေး(၅၀)ကျပ်သားတစ်စည်းလျှင်(၃၀၀၀/၃၅၀၀) ကျပ်များဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)