Main menu

တောင်သူများဝင်ငွေတိုးစေဖို့၊ ဖရဲသီးနှံစိုက်ပျိုးပေးကြစို့

Powered by Drupal

မြန်မာနိုင်ငံတွင် စိုက်ပျိုးသောသီးနှံများအနက် ဖရဲသီးနှံသည် ပြည်ပပို့ကုန် အလားအလာ ရှိသော သီးနှံများတွင် တစ်မျိုးအပါအဝင် ဖြစ်သည်။ဖရဲသီးနှံကို မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍနှစ်တွင် ၇၈၄၆ ဧကစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ပြီး ၃၄၇၆.၉၂ တင်း ထွက် ရှိ ခဲ့ ကြောင်း စိုက်ပျိုးရေးဌာန၏ စာရင်းများအရ သိရှိရပါသည်။

ဖရဲသီးသည် ရာသီမရွေးစိုက်ပျိုးနိုင်သော သီးနှံဖြစ်ပြီး မိုးများသောဒေသများတွင် အောက်တိုဘာလနှင့် ဖေဖော်ဝါရီလတွင် စိုက်ပျိုးကြ၍ မိုးနည်းသောဒေသများတွင် ဖေဖော်ဝါရီလနှင့် မေလတွင် စိုက်ပျိုးကြသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဖရဲသီးနှံအများဆုံး စိုက်ပျိုးသော မြို့နယ်များမှာ ပြင်ဦးလွင်၊ ကျောက်ဆည်၊ တံတားဦး၊ သာစည်၊ ဝမ်းတွင်းနှင့် မြင်းခြံမြို့နယ်များဖြစ်ပြီး နေရောင်ခြည်ပြည့်ဝစွာ ရရှိ၍ ရေရှိနိုင်သော နေရာများနှင့် သယ်ယူပို့ဆောင်ရန် လွယ်ကူသော နေရာများတွင် စိုက်ပျိုးကြသည်။ဖရဲသီးနှံစိုက်ပျိုးရာတွင် စိုက်ပျိုးသည်မှ ခူးဆွတ်သည်အထိ (၁)ဧကလျှင် စုစုပေါင်းကျပ် (၂၀) သိန်းဝန်းကျင်ခန့် ကုန်ကျစရိတ်ရှိကြောင်း သိရှိရသည်။

ဖရဲသီးနှံတွင် ကာဗွန်ဟိုက်ဒရိုတ်၊ ဗီတာမင်အေနှင့်စီ ပါဝင်ပြီး ရေဓာတ်များစွာ ပါဝင်သော ကြောင့် ရေအစားထိုးအနေဖြင့် စားသုံးကြပြီး အပူကင်းစေရန် စားသုံးပေးသင့်သော သီးနှံတစ်မျိုးဖြစ်ရာ နွေရာသီတွင် အများဆုံး စားသုံးကြသည်။ဖရဲသီးနှံသည် ကျန်းမာရေး အတွက်သာမက အလှအပရေးရာအတွက်ပါ အများအပြား အသုံးပြုကြ၍ ဈေးကွက်တွင် ရောင်းအားကောင်းသော သီးနှံ ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင် မတ်လအတွင်း ဖြစ်ပေါ်ခဲ့သော ဖရဲသီးနှံဈေးနှုန်းမှာ အလုံးအရွယ်အစား ကြီး/လတ်/သေး အပေါ်မူတည်၍ ၅၀၀၀ကျပ်မှ ၂၅၀၀ကျပ် ဝန်းကျင်အထိရှိရာ (၁) ဧကလျှင် ကျပ် (၁၇)သိန်းဝန်းကျင် ခန့် အကျိုးအမြတ် ရှိကြောင်း သိရှိရသည်။

ဖရဲသီးနှံကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့်တရုတ်နိုင်ငံများသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ဖရဲသီးနှံသည် ပြည်တွင်းစားသုံးမှုသာမက ပိုလျှံသည်များကိုလည်း ပြည်ပသို့ တင်ပို့ရောင်းချ ပေးနိုင်သောကြောင့် နိုင်ငံခြားဝင်ငွေရအောင် ဆောင်ရွက်ပေးနိုင်သည့် သီးနှံဖြစ်သည်။ ထို့ကြောင့် “တောင်သူများဝင်ငွေတိုးစေဖို့၊ ဖရဲသီးနှံစိုက်ပျိုးပေးကြစို့” ဟုတိုက်တွန်း အကြံပြုအပ်ပါသည်။

DOCA(မန္တလေး)