ယခုလအတွင်း မုံရွာဈေးကွက်၌ အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းများ နေ့စဥ်နှင့်အမျှ မြင့်တက်လာသလို စာဖိုဆောင်သီးနှံဖြစ်သည့်ကြက်သွန်နီဈေးမှာလည်း တရိပ်ရိပ်နှင့် မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ မေလကုန်ဇွန်လဆန်းပိုင်မှစ၍ ကြက်သွန်နီက တရိပ်ရိပ်မြင့်တက်ခဲ့ပြီး ကုန်သည်များမှ နယ်အထိဆင်းပြီဝယ်ယူမှုများရှိနေကြောင်း၊ ဇွန်လဆန်းက နယ်ဈေးတစ်ပိဿာ (၁၀၀၀) ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့သော်လည်း တောင်သူများကုန်လက်ကျန်အခြေအနေနှင့် သိုလှောင်ကာလကလည်း ကျန်ရှိနေသေးသည့်အပေါ် အနည်းငယ်စီခွဲ၍ ရောင်းနေကြောင်း၊ ယခုအပတ်တွင် ကုန်သည်များမှ ကြက်သွန်အရည်အသွေးပေါ်မူတည်ပြီး နယ်ဈေးတစ်ပိဿာ (၁၅၀၀ိ-၁၇၀၀ိ/-) ကျပ်ထိ ဈေးပေးဝယ်ယူမှုများရှိလာကြောင်း တောင်သူအများစုက ယခုနှစ်ကြက်သွန်စိုက်ပျိုးထွက်ရှိမှုနှင့် ကုန်လက်ကျန်မှ ယခင်နှစ်ကထက်လျော့နည်းနေသည့်အတွက် အမြင့်ဆုံးဈေး ကျပ် (၂၀၀၀ိ/-) ကျော်အထိ မျှော်မှန်းထားကာ လက်ရှိဈေးဖြင့်မရောင်းချကြသေးဘဲ စောင့်ကြည်နေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။
ယခင်နှစ်က ကြက်သွန်နီစိုက်ဧကများပြားခဲ့သလို အထွက်နှုန်းလည်းများပြားခဲ့ကြောင်း၊ ပြည်ပဝယ်ယူမှုနည်းခဲ့သည့်အတွက် ဈေးကောင်းမရခဲ့ကြောင်း ယခင်နှစ်ကာလတူဈေးမှာ တစ်ပိဿာ (၄၀၀ိ-၅၀၀ိ/-) ကျပ်သာရှိခဲ့ပြီး ရာသီကုန်ခါနီးတွင် (၇၀၀ိ-၈၀၀ိ/-) ကျပ်ဖြစ်ပေါ်ခဲ့သော်လည်း ဈေးပြန်ကျသွားကာ တစ်ပိဿာ(၂၀၀ိ-၂၅၀ိ/-) ကျပ် ထိကျဆင်းသွားခဲ့ကြောင်း၊ တစ်ပိဿာ(၁၀၀၀ိ/-) ကျပ် မရ၍ မရောင်းလိုက်ရသည့်တောင်သူများအရှုံးနှင့်ရင်ဆိုင်ခဲ့ရကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
ယခုလက်ရှိ ဈေးကွက်အတွင်း၌ ကြက်သွန်နီတစ်ပိဿာလတ်ချော (၁၃၀၀ိ/-) ကျပ်၊လတ်သန့် (၁၅၀၀ိ/-) ကျပ်၊ လက်ကြီး (၁၇၀၀ိ/-) ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့်မူဆယ်မြို့များသို့ တင်ပို့လျက်ရှိကြောင်း ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည့်အတွက် ကြက်သွန်စိုက်ပျိုးမှုနည်းခဲ့သလို အထွက်လည်းနည်းခဲ့ကြောင်း တောင်သူများကုန်လက်ကျန်အပေါ်ထိန်းညှိပြီး ခွဲရောင်းနေကြောင်း ရာသီကလည်းကျန် တက်ရိပ်လည်းရှိနေသေးသည့်အတွက် တောင်သူများတက်ဈေးမျှော်၍ ရောင်းချမှုနည်းနေသေးကြောင်း တင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)