Main menu

ကျောက်ပန်းတောင်းမြို့နယ်၏ မန်ကျည်းမှည့်ဈေးကွက်

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အနှံ့အပြားတွင် မန်ကျည်းပင်များအလေ့ကျ ပေါက်ရောက်မှုရှိသလို၊ စီးပွားဖြစ်လည်းစိုက်ပျိုးမှုရှိ၍ မန္တလေးတိုင်း ဒေသကြီးအတွင်း၌ မန်ကျည်းသီးအများဆုံးထွက်ရှိသောမြို့တစ်မျိုးဖြစ်ပါသည်။ အခြားမြို့နယ်များ ဖြစ်သည့် မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ ပျဉ်းမနားမြို့နယ်များမှလည်း ထွက်ရှိမှု ရှိပါသည်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်း အဓိကစိုက်ပျိုးထွက်ရှိသောကျေးရွာများမှာ ပုပ္ပား၊ ဆုံကုန်း၊ မြောက်တော၊ ပုပ္ပားလွင်၊ သံပို၊ ဆည်ပေါက်၊ ညောင်ကန်၊ ချိုင်း ကျေးရွာတို့ဖြစ်ပြီး ပုပ္ပားကျေးရွာအုပ်စုမှ ထွက်ရှိသောမန်ကျည်းသီးမှာ အရည်အသွေးကောင်းမွန်ဆုံးဖြစ်ပါသည်။ ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် ဇန်နဝါရီလနောက်ဆုံးပတ်မှစ၍ မန်ကျည်းအသား၊ အလုံးအဖြစ် စတင်အရောင်းအဝယ်ပြုလုပ်ကြသည်။

     မန်ကျည်းသီးမှည့်တွင် အကျောပါ၊ အစေ့ပါမန်ကျည်းသီးမှည့်၊ အကျောမပါအစေ့ပါ မန်ကျည်းသီးမှည့်နှင့်အကျောမပါအစေ့မပါ မန်ကျည်းအသားဖတ်ဟူ၍ သုံးမျိုးရှိပြီး၊ ဈေးကွက် အတွင်း အကျောမပါအစေ့မပါမန်ကျည်းသီးမှည့်များကို လူကြိုက်များ၍အရောင်းအဝယ်ပိုဖြစ် ကြောင်း၊ မန်ကျည်းသီးမှည့်ကို အကျောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ဆောင်ရွက်ရ သည့်အတွက် အစေ့ပါမန်ကျည်းသီးထက်ဈေးပိုရကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ရာသီချိန်ဖြစ်၍ မန်ကျည်းသီးမှည့်များကို အကျောပါ၊ အကျောမပါနှင့်အစေ့လွတ်မန်ကျည်းဟူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မန်ကျည်းသီးအမှည့်အစေ့ပါ လက္ကားတစ်ပိဿာလျှင်(၃၅၀၀) ကျပ်၊ မန်ကျည်းသီးမှည့်အစေ့လွတ်တစ်ပိဿာလျှင်(၆၅၀၀)ကျပ်တို့ဖြင့် ရောင်းချကြပြီး၊ အစေ့လွတ် တစ်ပိဿာလက်လီဈေးမှာ(၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်လျှင် တစ်လအတွင်းမန်ကျည်းမှည့်အစေ့လွတ်တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

      မန်ကျည်းအသားများကို ကျောက်ပန်းတောင်းမြို့ပေါ်ရှိပွဲရုံများမှ ဝယ်ယူ၍မြို့နယ်အတွင်းရှိ စားသုံးသူများလာရောက်ဝယ်ယူကြသလို အကြော်ဆိုင်များ၊ အကင်ဆိုင်များ၊ မုန့်ပြားသလက် စသည့်လုပ်ငန်းများမှလည်း အချဉ်ရည်များပြုလုပ်ရန်အတွက်ဝယ်ယူခြင်းများပုံမှန်ရှိသလို ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံများသို့လည်းတင်ပို့လျက်ရှိကြောင်း ဒေသခံကုန်သည်တစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)