
မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်မှ တင်ပို့ခဲ့သော စားအုန်းဆီ တန်ချိန် ၈၀၀၀ သည် ဗြိတိန်နိုင်ငံ၊ လီဗာပူးလ်ဆိပ်ကမ်းရှိ သိုလှောင်ရုံသို့ ဧပြီ ၅ ရက်နေ့၌ ဝင်ရောက်ခဲ့သည်ဟု ဗြိတိန်နှင့် မြောက်အိုင်ယာလန် နိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး Mr. Datuk Zakri Jaafar က ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ မလေးရှားစားအုန်းဆီ တန်ချိန် ၈၀၀၀ ကို ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံဆင့်ကဲတိုးတက်ရေး သဘောတူညီချက် (Comprehensive and Progressive Agreement for Trans-Pacific Partnership - CPTPP) အရ အကောက်ခွန် သုညရာခိုင်နှုန်း ကင်းလွတ် သက်သာခွင့်ဖြင့် ပထမဆုံးတင်ပို့မှုဖြစ်ကြောင်း Mr. Datuk Zakri Jaafar က ဆိုသည်။
CPTPP သဘောတူညီချက်မှတစ်ဆင့် မလေးရှားနှင့် ဗြိတိန်တို့ရှိ ကုမ္ပဏီများသည် ၎င်း တို့၏ စျေးကွက်များကို ပိုမိုချဲ့ထွင်နိုင်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု အလားအလာများကို မြှင့်တင်နိုင်ခဲ့ သည်ဟု ဗြိတိန်တွင် တရာဝင်ခရီးရောက်ရှိနေသော မလေးရှား ဒုတိယ၀န်ကြီးချုပ် Mr. Datuk Seri Fadillah Yusof က ဧပြီလ ၂၅ ရက်နေ့တွင် လန်ဒန်ရှိ မလေးရှားသံရုံး၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဗြိတိန်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့၌ CPTPP သဘောတူညီချက်တွင် အဖွဲ့ဝင် အဖြစ် ဝင်ရောက်ခဲ့ပြီး အာရှ-ပစိဖိတ် ကုန်သွယ်ရေးအဖွဲ့တွင် ပါဝင်သည့် ပထမဆုံးဥရောပနိုင်ငံ ဖြစ်လာခဲ့သည်။ မလေးရှားနိုင်ငံအတွက်မူ CPTPP သဘောတူညီချက်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ လ ၂၉ ရက်နေ့ကပင် အသက်ဝင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
မလေးရှားသည် ဗြိတိန်၏ အရှေ့တောင်အာရှဒေသတွင် စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်၌ မလေးရှားရင်းဂစ် ၁၅.၃၀ ဘီလီယံ အထိ ရောက်ရှိခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ဗြိတိန်နိုင်ငံ၌ မလေးရှား၏ စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုသည် ပေါင်ငွေ ၁၉ ဘီလီယံ (မလေးရှားရင်းဂစ် ၁၁၀.၆၃ ဘီလီယံခန့်) ရှိခဲ့ကြောင်း The Edge Malaysia သတင်းဌာန၏ ဖော်ပြချက်ကို တင်ပြအပ်ပါသည်။
Source: The Edge Malaysia, 26th April 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)