ဖိလစ်ပိုင်အစိုးရအနေဖြင့် သိုလှောင်ထားသည့် ဆန်အဟောင်းအချို့ကို အထူးသက်သာသော ဈေးနှုန်းဖြင့် နှစ်ဝက်ရွေးကောက်ပွဲကျင်းပမည့် မေလတွင် ရောင်းချရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
အမျိုးသား စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့အနေဖြင့် ၎င်း၏ သိုလှောင်ရုံများမှ ဆန်အဟောင်း တန်ချိန်အနည်းဆုံး ၃၇၀၀၀၀ ကို လက်ရှိဈေးကွက်ဈေးနှုန်း၏ ထက်ဝက်နှုန်းခန့်ရှိသော ၁ ကီလို ဂရမ်လျှင် ပီဆို ၂၀ နှုန်းဖြင့် ရောင်းချပေးလိမ့်မည်ဟု ဧပြီ ၂၉ ရက်နေ့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ပြောကြားခဲ့ပါသည်။
အစိုးရအနေဖြင့် ယခုသီတင်းပတ်တွင် ဆန်အဟောင်းရောင်းချမှုကို စတင်ရန် ဆန္ဒရှိသော် လည်း ရွေးကောက်ပွဲစည်းမျဉ်းများကြောင့် မေလ ၁၂ ရက် နေ့အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ ဝင်ငွေနိမ့်ကျသူများအား အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်သည့် အဆိုပါ အစီအစဉ် အတွက် သမ္မတ Ferdinand Marcos Jr ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ပီဆို ၁၀ သန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း Mr. Laurel က ပြောဆိုခဲ့သည်။ ဒုတိယသမ္မတ Sara Duterte ကမူ ယခု ကဲ့သို့ ဆန်အဟောင်းများကို လျှော့ဈေးဖြင့် ရောင်းချပေးခြင်းသည် ရွေးကောက်ပွဲကာလအလယ် တွင် အစိုးရသို့ မဲပေးရန် စည်းရုံးဆွဲဆောင်ခြင်းဖြစ်ကြောင်း ဝေဖန်ထောက်ပြခဲ့ပါသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဆန်သည် အဓိကအစားအစာတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ဆန် ဈေးနှုန်း မြင့်တက်ခဲ့ခြင်းကြောင့် အိမ်ထောင်စုများအတွက် ကြီးမားသည့် ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ ကြောင်း၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၄-၂၀၂၅ ရာသီ နှစ်တွင် မျှော်မှန်းထားသည့်အတိုင်း စံချိန်တင်အထွက်နှုန်းရရှိမှုနှင့်အတူ စပါးအထွက်နှုန်း မြင့် တက်လာသည့်အတွက် ဆန်ဈေးနှုန်း တဖြည်းဖြည်း ကျဆင်းသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်၌ ထွက်ရှိသည့် စပါးတန်ချိန် ၁၉.၃ သန်းထက် ကျော်လွန်ကာ ယခုနှစ်တွင် စပါးတန်ချိန် ၂၀.၄ သန်း ထွက်ရှိရန် မျှော်မှန်းထားသည်။ ပြည်တွင်း ထုတ်လုပ်မှုမြင့်တက်ခြင်းနှင့် နှစ်ဟောင်း သိုလှောင်လက်ကျန်များပြားခြင်းတို့ကြောင့် ဖိလစ်ပိုင် နိုင်ငံအနေဖြင့် ယခင်နှစ်၌ တင်သွင်းခဲ့သည့် ဆန်ပမာဏအောက် ၁.၉ ရာခိုင်နှုန်းလျော့နည်းလျက် ယခုနှစ်တွင် ဆန်တန်ချိန် ၅.၂ သန်းခန့်သာ တင်သွင်းဖွယ်ရှိကြောင်း အမေရိကန် စိုက်ပျိုးရေးဦးစီး ဌာန၏ သတင်းအချက်အလက်များက ဖော်ပြလျက်ရှိပါသည်။
ထိုကဲ့သို့ အစိုးရ၏ အထောက်အပံ့ဖြင့် ဆန်အဟောင်းများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပြီးစီးချိန်တွင် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်သူများထံမှ ဆန်စပါးများကို ဝယ်ယူလျက် အရန်ရိက္ခာကို ပြန်လည်ဖြည့်တင်းမည်ဖြစ်ကြောင်းနှင့် ယခုအစီအစဉ်ကို ဒီဇင်ဘာလကုန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
Source : The Star, 29 April 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)