Main menu

အာဖရိကရှိ ဆာဟာရကန္တာရတောင်ပိုင်းသည် ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းရာဒေသဖြစ်လာနိုင်

Powered by Drupal

     အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ ဧပြီလထုတ် ကမ္ဘာ့ကော်ပဲသီးနှံစျေးကွက်နှင့်  ကုန်သွယ်မှု အစီရင်ခံစာအရ အာဖရိကရှိ ဆာဟာရကန္တာရတောင်ပိုင်းသည် ၂၀၂၅ ခုနှစ်တွင် အရှေ့တောင်အာရှဒေသကို ကျော်တက်၍ ကမ္ဘာ့အကြီးဆုံး ဆန်တင်သွင်းရာဒေသ ဖြစ်လာမည်ဟု သိရှိရသည်။

          ယခုရာသီတွင် အာဖရိကရှိ ဆာဟာရကန္တာရတောင်ပိုင်း၏ ဆန်တင်သွင်းမှု ပမာဏသည် တန်ချိန် ၁၈.၆ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး အရှေ့တောင်အာရှ၏ တင်သွင်းမှုမှာ တန်ချိန် ၁၂ သန်းသာ ရှိမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့ဆန်ထုတ်လုပ်မှု စံချိန်တင် မြင့်တက် လာခြင်းနှင့် ဈေးနှုန်းများ ပိုမိုယှဉ်ပြိုင်နိုင်မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် အဆိုပါ အပြောင်းအလဲ သည် ကမ္ဘာ့ဆန်ကုန်သွယ်ရေးတွင် ပိုမိုအရေးပါလာသော အာဖရိကရှိ ဆာဟာရကန္တာရ တောင်ပိုင်း၏ အခန်းကဏ္ဍကို ထင်ဟပ်စေသည်။

          အာဖရိကရှိ ဆာဟာရကန္တာရတောင်ပိုင်းရှိ ဆန်စားသုံးမှုပမာဏသည် လွန်ခဲ့သော ၁၅ နှစ် အတွင်း လူဦးရေတိုးတက်မှု၊ မြို့ပြအသွင်ကူးပြောင်းမှုနှင့် အဓိကစားသုံးသည့် စားနပ်ရိက္ခာအဖြစ် ဆန်ကို ဦးစားပေးလာမှုစသည့် အကြောင်းရင်းများကြောင့် ဆန်စားသုံးမှုပမာဏ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊ အဆိုပါဝယ်လိုအားမြင့်တက်မှုသည် ပြည်တွင်းထုတ်လုပ်မှုထက် ကျော် လွန်နေပြီး အာဖရိကရှိ ဆာဟာရကန္တာရတောင်ပိုင်းနိုင်ငံအချို့သည် ပြည်တွင်းထုတ်လုပ်မှု မြှင့် တင်ရာတွင် တိုးတက်မှုရှိလာသော်လည်း ဆန်တင်သွင်းမှုမှာ ရောင်းလိုအားအတွက် အဓိက အရင်း အမြစ်အဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်း သိရှိရသည်။

          အိန္ဒိယနိုင်ငံသည် သမိုင်းကြောင်းအရ အာဖရိကရှိ ဆာဟာရတောင်ပိုင်းသို့ ဆန်ဖြူနှင့် ပေါင်းဆန်များကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဈေးနှုန်းများဖြင့် အများဆုံးထောက်ပံ့သူအဖြစ် ရပ်တည် ခဲ့သည်။၊ သို့သော်လည်း ၂၀၂၃ ခုနှစ်တွင် အိန္ဒိယ၏ ဆန်ဖြူနှင့် ဆန်ကွဲတင်ပို့မှုများကို ယာယီ တားမြစ်ခြင်းနှင့် ပေါင်းဆန်အပေါ် အခွန်ကောက်ခံမှုတို့ကြောင့် ကမ္ဘာ့ဈေးနှုန်းများ မြင့်တက်လာ ပြီး ယင်းဒေသ၏ ဆန်တင်သွင်းမှု ကျဆင်းသွားခဲ့သည်။၊

          ၂၀၂၄ ခုနှစ်တွင် ဆာဟာရကန္တာရ တောင်ပိုင်းဒေသမှ ဆန်တင်သွင်းသူများသည် ထိုင်းနှင့် ပါကစ္စတန် ကဲ့သို့သော အခြားတင်သွင်းသူများဘက်သို့ လမ်းကြောင်းပြောင်းလာသည့်အချိန်၌ အိန္ဒိယသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ၎င်း၏ ဆန်တင်ပို့မှု ကန့်သတ်ချက်အများစုကို ရုပ်သိမ်းခဲ့ကြောသည်။ အဆိုပါအချက်သည် အိန္ဒိယအား ဈေးကွက်အများအပြားကို ပြန်လည် ရရှိစေခဲ့ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝယ်ယူသူများသည် ပိုမို၍ ကျေနပ်ဖွယ်ကောင်းသော ဈေးနှုန်းများအပေါ် တုံ့ပြန်မှုအဖြစ် ဆန်တင်သွင်းမှု သိသိသာသာ တိုးမြင့်လာခဲ့သည်။

          ၂၀၂၅ ခုနှစ် နောက်ပိုင်းကာလကို တွက်ဆကြည့်မည်ဆိုပါက အာဖရိကရှိ ဆာဟာရ တောင်ပိုင်းဒေသသည် ဆန်တင်သွင်းမှုများ ပိုမိုမြင့်တက်လာမည်ဟု ခန့်မှန်းရကြောင်း၊ ဒေသတွင်း ထုတ်လုပ်မှု အနည်းငယ်လျော့နည်းလာခြင်းနှင့် စျေးနှုန်းချိုသာသော ဆန်၏ဆွဲဆောင်မှုတို့က အဆိုပါတိုးတက်မှုကို ဦးတည်စေကြောင်း၊ အဆိုပါဒေသ၏ တင်သွင်းမှုတိုးလာခြင်းသည် ကမ္ဘာလုံး ဆိုင်ရာ ဆန်ကုန်သွယ်ရေးတွင် စံချိန်တင် တန်ချိန်သန်းပေါင်း ၅၂၈.၆ အထိ စားသုံးမှုမြင့်တက် လာမည့် ကြိုတင်အမှတ်အသား တစ်ရပ်ဖြစ်ပြီး ၎င်းမြင့်တက်မှုအတွက် အာဖရိကတိုက် ဆာဟာရ တောင်ပိုင်းဒေသသည် အဓိက အရင်း အမြစ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့ အဓိကဆန်တင်သွင်းသော နိုင်ငံများအနက် နိုင်ဂျီးရီးယားသည် တန်ချိန် ၂.၈ သန်း၊ အိုင်ဗရီကိုစ့်သည် ဆန်တန်ချိန် ၁.၈ သန်း၊ ဆော်ဒီအာရေးဗီးယားသည် တန်ချိန် ၁.၈၅ သန်း၊ ဆီနီဂေါအနေဖြင့် တန်ချိန် ၁.၅ သန်းနှင့် ကင်ညာနိုင်ငံသည် တန်ချိန် ၆၇၅,၀၀၀ အသီးသီး တင်သွင်းဖွယ်ရှိကြောင်း Miller Magazine သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

Source: Miller Magazine, 23 April 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)