
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်းစည်းရိုးများနှင့် လယ်ယာမြေများပေါ်တွင် အရိပ်ရစေရန် အတွက် စိုက်ပျိုးကြသလို အလေ့ကျပေါက်ရောက်သည့် အပင်များလည်းရှိကြရာမှ ယခုအခါတွင် မန်ကျည်းသီးအမှည့်များကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။
မန်ကျည်းသီးအမှည့်ကို နွေရာသီ၏ အပူဒဏ်ကို ခံနိုင်ရန်အတွက် ထန်းလျက်ဖြင့် စိမ်သောက် ခြင်း၊ မန်ကျည်းသီးနှစ်တိုက်ပြီး ထန်းလျက်ဖြင်ကျိုစားခြင်း၊ စားသောက်ဆိုင်များ၊ အကင်ဆိုင်များ၊ မုန့်လင်မယားဆိုင်၊ အကြော်ဆိုင်များတွင် အချဉ်အဖြစ် အသုံးပြုခြင်းနှင့် ချဉ်ရည်ကျိုစားရာတွင် အသုံးများသည့်အတွက် ဈေးကြီးပြီးရောင်းကောင်းလျက်ရှိပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၏ မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့်(အစေ့လွတ်) တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၂၅၀၀)ကျပ် နှင့် (၅)ကျပ်သား လက်တစ်ဆုတ်စာ တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၌ ကုန်စိမ်း သီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)