
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်း မန်ကျည်းပင်များ သဘာဝအလျောက် ပေါက်ရောက် မှုများရှိပြီး ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ စုဆောင်းရောင်းချလျက်ရှိကြောင်း သိရသည်။ မန်ကျည်းသီးမှည့်ကို အစေ့ပါနှင့် အစေ့လွတ်ဟူ၍ နှစ်မျိုးခွဲခြားထားရာ အစေ့လွတ်မန်ကျည်းမှည့်များက ဈေးကွက်တွင် ပိုမိုဝယ်လိုအားရှိကြောင်း၊ အကြောင်းမှာ အစေ့ထုတ်ပြီး အဆင်သင့်သုံးစွဲနိုင်ခြင်း၊ အကြောသင်ခြင်း၊ ချက်ပြုတ်ရာတွင် အဆင်ပြေခြင်းတို့ကြောင့် ဖြစ်သည်။
ပုသိမ်ခရိုင်အတွင်း မန်ကျည်းသီးမှည့်ကို အဓိကအားဖြင့် ဒေသခံအကြော်ဆိုင်များ၊ အဖျော် ယမကာဆိုင်များ၊ စားသောက်ဆိုင်များနှင့် အိမ်တွင်းအသုံးပြုသူများက ဝယ်ယူလျက်ရှိသည်။ ဧပြီလ ဒုတိယပတ်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀၊ (၅၀)ကျပ်သားလျှင် ကျပ် ၅,၀၀၀၊ အစေ့ပါမန်ကျည်းသီးမှည့်မှာ တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ မှ ၅,၀၀၀ အထိ ရောင်းချနေကြောင်း ဒေသခံရောင်းချသူများထံမှ သိရသည်။
ဈေးနှုန်းကွာခြားရခြင်းမှာ အစေ့လွတ်မန်ကျည်းမှည့်အား လူကြိုက်များပြီး လုပ်အားပိုမို လိုအပ်သောကြောင့် ဖြစ်သည်။ ထို့အပြင် မန်ကျည်းသီးမှည့်ကို ဒေသအတွင်း စားသောက်ကုန်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး ပြည်ပသို့တင်ပို့မှုအနည်းငယ်ရှိကြောင်း ကုန်သည်များက ဖြည့်စွက် ပြောကြားသည်။
DOCA(ဧရာဝတီ)