
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ရာသီစာသီးနှံဖြစ်သည့် မင်းဂွတ်သီးများ ဈေးကွက်သို့ အလုံးအရင်းဝင်ရောက်လျက်ရှိပြီး ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ကုန်သည်များ အကြား အရောင်းအဝယ်စည်ကားလျက်ရှိသည်။ မင်းဂွတ်သီးဆိုတာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တွေ့ရှိရပြီး အပူပိုင်းဒေသရဲ့ ဘုရင်မလို့တောင် တင်စားရတဲ့ အသီးဖြစ်ပြီး အာဟာရ ပြည့်ဝစွာ ပါဝင်နေကာ အရသာကတော့ ချိုချိုချဉ်ချဉ်နဲ့ ရင်အေးစေတဲ့ အရသာမျိုးဖြစ်ပါတယ်။ အရသာကို ခံစားမိအောင် ပြောပြရရင် သစ်တော်သီးနဲ့ လိမ္မော်သီးတို့ ကြားထဲက အရသာမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးများမှ သယ်ယူရောင်းချကြပြီး ပုသိမ်မြို့နယ်ရှိ ဈေးများတွင် နေ့စဉ်ရောင်းချမှုများ ရှိနေသည်။
ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသည့် မင်းဂွတ်သီးများကို အရွယ်အစားနှင့် အရည်အသွေး အလိုက် ဈေးနှုန်းသတ်မှတ်ထားပြီး တစ်လုံးလျှင် (ကြီး/လတ်/သေး) (၁၀၀၀/၇၀၀/၅၀၀) ကျပ်နှုန်း ဖြင့် ရောင်းချနေကြောင်း သိရသည်။ မင်းဂွတ်သီးကို အဓိကအားဖြင့် ဒေသခံများ၊ သစ်သီးဆိုင်များနှင့် အချိုပွဲလုပ်ငန်းရှင်များက ဝယ်ယူကြပြီး ပြည်တွင်းဈေးကွက်အပြင် နိုင်ငံခြားသို့တင်ပို့မှုများလည်း အနည်းငယ်ရှိသည်။ မင်းဂွတ်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများနှင့် စားသုံးမှုပုံစံမျိုးစုံကြောင့် နွေရာသီတွင် ဝယ်လိုအားပိုမိုမြင့်တက်လာသည်ဟု ဒေသခံကုန်သည်များက ဆိုသည်။ ထို့အပြင် ဒေသအလိုက် စိုက်ပျိုးထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တို့အပေါ် မူတည်၍ ဈေးနှုန်း အနည်းငယ် ကွာခြားမှုများရှိနိုင်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)