
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ရွှေဖရုံသီးများ စိုက်ပျိုးထားရှိသဖြင့် ဈေးနှုန်းဈေးကွက်အခြေအနေနှင့် အကျိုးအမြတ်ရရှိမှုအားသိရှိနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၈.၅.၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်ပျိုးသောဖရုံသီးမျိုးမှာ အိုးဖရုံမျိုးဖြစ်ပြီး စိုက်ဧကမှာ (၀.၂၅ဧက) စိုက်ပျိုးထားသူနှင့် တွေ့ဆုံမေးမြန်းရာတွင် ဖရုံသီးကို စတင်စိုက်ပျိုးပြီး (၁)လ ခွဲခန့် အကြာတွင် အသီးများထွက်ပေါ်၍ ခူးဆွတ်ရောင်းချကြောင်း သိရပါသည်။ ဖရုံသီး ၀.၂၅ဧကတွင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၂၈၀၀၀၀ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ဖရုံသီး များခူးယူရောင်းချချိန်တွင် ၀.၂၅ဧကတွင် အလုံးပေါင်း ၂၂၀၀ခန့် ခူးဆွတ်ရရှိပြီး တစ်လုံးလျှင် ၄၅၀ကျပ်ဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ဆင်း၍ ဝယ်ယူကြပါသည်။ ဖရုံသီးစိုက်ပျိုးသူ တောင်သူအနေဖြင့် ဖရုံသီးရာသီချိန်တွင် ရောင်းရငွေမှာ ၉၉၀၀၀၀ကျပ်ရရှိပြီး တောင်သူ အသားတင် အမြတ်ငွေမှာ ၇၁၀၀၀၀ကျပ်ရရှိကြောင်း သိရပါသည်။
ထို့ကြောင့် ရွှေဖရုံသီးကို စိုက်ပျိုးခြင်းဖြင့် နှစ်စဉ်ဝင်ငွေများရရှိသဖြင့် ရွှေဖရုံသီးသည် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။
DOCA(ပဲခူး)