၂၀၂၅ ခုနှစ် မေလတွင် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော်အရန်ဆန် သိုလှောင်မှု လက်ကျန် စုစုပေါင်းသည် ၃၅၁၇၂၉၄ တန်ရှိခဲ့ပြီး အဆိုပါပမာဏသည် လွန်ခဲ့သော ၅၇နှစ်ကျော်အတွင်း အမြင့်ဆုံး စံချိန်တင်ပမာဏ ဖြစ်ကြောင်းနှင့် အဆိုပါဆန်စပါးများအားလုံးကို ဒေသခံလယ်သမားများထံမှ စုဆောင်းရရှိခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman ၏ ပြောကြားချက်အရ သိရှိရသည်။
လက်ရှိ ဆန်လက်ကျန်တန်ချိန် ၃.၅ သန်းခန့်သည် ၁၉၆၉ ခုနှစ်နောက်ပိုင်း မှတ်တမ်းတင် ထားသည့် အမြင့်ဆုံးပမာဏဖြစ်ကြောင်း၊ စားနပ်ရိက္ခာဖူလုံရှိခဲ့သော ၁၉၈၄ ခုနှစ် ခေတ်ကာလ၌ လူဦးရေသန်း ၁၀၀ ခန့်အတွက် အစိုးရလက်ဝယ်တွင် အရန်ထားရှိခဲ့သော ဆန် ၂၄၀၂၈၉၉ တန် ပမာဏထက် ကျော်လွန်ခဲ့ကြောင်း၊ ယခင်နှစ် မေလ၌ နိုင်ငံ၏ အရန်ဆန်လက်ကျန် စုစုပေါင်းမှာ ၁၄၆၇၆၂၆ တန်သာရှိခဲ့ကြောင်း Mr. Sulaiman က မေ ၅ ရက်နေ့ ဂျကာတာမြို့တွင် ကျင်းပ ပြုလုပ်သော အမျိုးသားဆန်ထုတ်လုပ်မှု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ယခုအချိန်၌ အင်ဒိုနီးရှား၏ လူဦးရေမှာ သန်း ၂၈၀ ကျော်ရှိပြီဖြစ်သည်။
စိုက်ပျိုးမြေများကို အကျိုးရှိစွာ အသုံးပြုခြင်း၊ ဂျားဗားကျွန်းတစ်ခွင်လုံး၌ စိုက်ပျိုးရန် ရေစုပ်တင်မှုများကို အရှိန်မြှင့်တင်ခြင်းနှင့် ဂျားဗားဒေသပြင်ပ၌ ဆည်ရေပေးဝေမှုစနစ်များကို ပြန်လည်မွမ်းမံခြင်း စသည့် သမ္မတ Prabowo Subianto ၏ ပံ့ပိုးမှုများကြောင့် စံချိန်တင် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအစီအမံများက နိုင်ငံ၏ဆန်စပါး ထုတ်လုပ်မှုကို သိသာစွာ တိုးတက်စေပြီး လယ်သမားများထံမှ စပါးများကို တစ်ရက်လျှင် တန် ၅ သောင်းအထိ နေ့စဉ် ဝယ်ယူနိုင်သည့် အဆင့်သို့ ရောက်ရှိလာကြောင်း၊ သို့သော် အရည်အသွေးမြင့် ဆန်စပါးများကို ဝယ်ယူရန်မှာ အရေးကြီးကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အရန်ဆန်လက်ကျန် ပမာဏသည် လာမည့် ၁၅ ရက်မှ ၂၀ ရက်အတွင်း တန်ချိန် ၄ သန်းခန့်အထိ တိုးတက်လာဖွယ်ရှိ ကြောင်း စိုက်ပျိုးရေးဝန်ကြီး Mr. Sulaiman က ထပ်လောင်းပြောကြားခဲ့သည်။
Source: Antara News, 5 May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)