Main menu

စင်ကာပူထံမှ စက်သုံးဆီမှာယူမှုကို လျှော့ချပြီး အမေရိကန်ထံမှမှာယူရန် အင်ဒိုနီးရှား စီစဉ်

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အကောက်ခွန်နှုန်းထား တိုးမြှင့်မည့်အရေးနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းရာတွင် မျက်နှာသာပေးမှု ရရှိနိုင်ရန်အတွက် စက် သုံးဆီကို လက်ရှိရယူတင်သွင်းလျက်ရှိသော စင်ကာပူနိုင်ငံရှိ အရင်းအမြစ်များအစား အမေရိကန် ကုမ္ပဏီများထံမှ ပြောင်းလဲရယူရန် စီစဉ်လျက်ရှိသည်ဟု အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီး Mr. Bahlil Lahadalia က မေလ ၉ ရက်နေ့တွင် ‌ပြောကြားခဲ့သည်။

    အမေရိကန်နိုင်ငံသည် အင်ဒိုနီးရှား၏ ကုန်စည်များအပေါ် အကောက်ခွန် ၃၂ ရာခိုင်နှုန်း စည်းကြပ်မည်ဟု ထုတ်ဖော်ပြောဆိုထားသော်လည်း စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နိုင်စေရန် အတွက် ယင်းမူဝါဒ အကောင်အထည်ဖော်ခြင်းကို ဇူလိုင်လအထိ ဆိုင်းငံ့ထားသည်။

    စင်ကာပူနိုင်ငံထံမှ စက်သုံးဆီမှာယူတင်သွင်းမှုကို တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ပြီး ကနဦးကာလတွင် အင်ဒိုနီးရှား၏ စက်သုံးဆီတင်သွင်းမှု စုစုပေါင်းပမာဏ၏ ၆၀ ရာခိုင်နှုန်းခန့်ကို အမေရိကန်နိုင်ငံထံမှ ပြောင်းလဲတင်သွင်းနိုင်ဖွယ်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် စင်ကာပူနိုင်ငံထံမှ မဟုတ်ပဲ အခြားနိုင်ငံများထံမှ အချို့သော စက်သုံးဆီများကို ပြောင်းလဲဝယ်ယူရန်မှာ သေချာသည့် အခြေအနေရှိကြောင်း၊ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်ဒိုနီးရှားနိုင်ငံ သည် လက်ရှိ အမေရိကန်ထံမှ ဝယ်ယူတင်သွင်းနေသော ရေနံစိမ်းပမာဏကို ၁၀ ဆ တိုးမြှင့်ရန် ဆန္ဒရှိကြောင်း စွမ်းအင်ဝန်ကြီး Mr. Bahlil က ပြောဆိုခဲ့သည်။

     အင်ဒိုနီးရှား၏ အမေရိကန်ထံမှ စက်သုံးဆီတိုးမြှင့်ဝယ်ယူခြင်းသည် အကောက်ခွန်နှုန်း ထားတိုးမြှင့်သည့်ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရာ၌ ကျယ်ပြန့်စွာလုပ်ဆောင်မည့် အဆိုပြုချက် တစ်ရပ်အဖြစ် ပါဝင်လျက်ရှိသည်။ အမေရိကန်နိုင်ငံထံမှ စက်သုံးဆီ၊ ရေနံစိမ်းနှင့် ရေနံဓာတ်ငွေ့ အရည် (LPG) တို့ အပါအဝင် စွမ်းအင်ထုတ်ကုန်များတင်သွင်းမှုကို တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ တိုးမြှင့်မည်ဟု အင်ဒိုနီးရှား အစိုးရက ပြောဆိုထားသည်။ လက်ရှိကာလတွင် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ လိုအပ်သော ရေနံစိမ်းတင်သွင်းမှု ပမာဏ၏ ၄ ရာခိုင်နှုန်းခန့်ကို အမေရိကန်နိုင်ငံထံမှ ရယူလျက်ရှိကြောင်း သိရှိရသည်။

Source: Bangkok Post, 9 May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)