Main menu

မုံရွာပညာရေးဒီဂရီကောလိပ်၌ စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်နှင်းစန္ဒာတို့သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ (နံနက် ၉း၃၀) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာပညာရေးဒီဂရီကောလိပ်တွင် ကျင်းပပြုလုပ်သည့် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ၌ သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောဆွေးနွေးကြပါသည်။

      အဆိုပါ ဟောပြောဆွေးနွေးပွဲ၌ ရှေးဦးစွာ မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမင်းမင်းသိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိတို့ကောလိပ်သို့စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျှဉ်း၍ ယခုကဲ့သို့ လာရောက်ဆွေးနွေးဟောပြောပေးသည့်အတွက် တာဝန်ရှိသူများအား အထူး ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့လူနေမှုဘဝအတွက် အရေးကြီးသည့် မှတ်သားဖွယ်ဗဟုသုတများ ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ယခုဟောပြောပွဲမှ ရရှိသော သိမှတ်ဖွယ်ဗဟုသုတများကို ဆရာ၊ဆရာမအနေဖြင့် မိမိတာဝန်ကျရာကျောင်းများသို့ ရောက်ရှိသောအခါ ပြန်လည်ဝေမျှကြရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

       ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဖွဲ့စည်းပုံ၊ ဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ စားသုံးသူအခွင့်အရေးများဖြစ်ပေါ်လာပုံ သမိုင်း၊ စားသုံးသူရေးရာဦးစီးဌာနသမိုင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ ဌာနကဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို မိတ်ဆက်ရှင်းလင်း ဟောပြောပါသည်။

     ဆက်လက်၍ စားသုံးရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်က စားသုံးသူ ရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များနှင့်ပတ်သက်၍ အသေးစိပ်ရှင်းလင်းဟောပြောခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဌာနကဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူအငြင်းပွားမှုများနှင့် ပတ်သက်၍ နမူနာဖြစ်စဉ် များနှင့်တကွ ရှင်းလင်း​ဟောပြောခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးတာဝန်ခံ ဒေါ်အေးမြသိင်္ဂီ က အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များကို  ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်းဟောပြောခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များ မေးမြန်မှုအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး​ဆွေးနွေးဖြေကြားပေးခဲ့ပါသည်။

    အဆိုပါ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲသို့ မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း ၅၀၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာအသိပညာပေး လက်ကမ်းစာစောင်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)