
ဆောင်းစိုက်နွေကြက်သွန်ကို မြင်းခြံ မြို့နယ်တွင် (၈၆၀၀) ဧက ၊ နွားထိုးကြီးမြို့နယ်တွင် (၂၃၉၄)ဧက ၊ တောင်သာမြို့နယ်တွင် (၉၂၀၄) ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှသိရသည်။ ဈေးနှုန်းအနေဖြင့် မေလပထမပတ်တွင် ဆောင်းစိုက် နွေကြက်သွန်နီ(အကြီး)တစ်ပိဿာလျှင်(၁၃၀၀-၁၄၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင်(၁၁၀၀-၁၂၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင်(၇၀၀-၈၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုမေလ ဒုတိယပတ် တွင် နွေကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် ကျပ် (၁၂၀၀ - ၁၃၅၀) ၊ အလတ်တစ်ပိဿာလျှင် (၉၀၀-၁၁၀၀)၊ အသေးတစ်ပိဿာလျှင်(၅၀၀-၇၀၀)ကျပ် ဈေးရှိကြောင်းမြင်းခြံလက်ကား ကုန်စည်ဒိုင်မှ သိရသည်။ ကြက်သွန်နီဈေးကွက်သည် ရန်ကုန်ဘုရင့်နောင် ကားဝင်သည့်အပေါ် အခြေခံ၍ရောင်းဝယ်ပြီး လတ်တလောရန်ကုန် ဘုရင့်နောင်သို့ မြစ်သား ၊ ဆိပ်ဖြူ ၊ မုံရွာ ၊ တောင်တွင်းကြီး ၊ မင်းလှ ၊ မင်းဘူး ၊ ပခုက္ကူ ၊ စလေ ၊ မိတ္တီလာ စသည်မြို့နယ်အသီးသီးမှ ကြက်သွန်နီများဝင်ရောက်လျက်ရှိပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် အမျိုးအစားအလိုက် တစ်ပိဿာလျှင်(၁၀၀)ကျပ် မှ(၂၀၀)ကျပ်ခန့်ထိ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း အရောင်းအဝယ်လုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။
DOCA(မန္တလေး)