Main menu

ပခုက္ကူပဲဈေးကွက်တွင် ကုလားပဲသီးနှံဈေးအေး၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဧပြီလ(ပထမပတ်)တွင် ပြည်တွင်းစားသုံးမှု အမြင့်ဆုံးဖြစ်သော ကုလားပဲသီးနှံ ဈေးအေး၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပြည်တွင်း ကုလားပဲသီးနှံ စိုက်ပျိုးရာ ဒေသများဖြစ်သော ပခုက္ကူ  မြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်တွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ပခုက္ကူပဲဈေးကွက်သို့ အများဆုံး ဝင်ရောက် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။ ယခုအချိန်တွင် ကုလားပဲသီးနှံများ ရိတ်သိမ်းပြီးချိန်ဖြစ်၍ ဈေးကွက်သို့ ကုလားပဲ(အသစ်)များ ကုန်ချိန်ဝင်ရောက်မှု များလျက်ရှိကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင် ကုလားပဲအမျိုးအစားအလိုက် ဈေးကွက်သို့ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ကုလားပဲသီးနှံ(အသစ်)များ အရောင်းအဝယ်သွက်နေကြောင်း၊ ပြည်တွင်းသုံးစွဲမှုများသော ကုလားပဲဈေးဆက်လက်ကျဆင်း အရောင်းအဝယ်ဖြစ်ကြောင်း၊ ကုလားပဲ (V2) တစ်တင်းလျှင် ကျပ်(၇၄၀၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၈၀၀၀၀)၊ ကုလားပဲ(HL) တစ်တင်းလျှင် ကျပ်(၇၃၃၀၀)၊ ကုလားပဲ(929)တစ်တင်းလျှင် ကျပ်(၇၃၀၀၀-၇၃၂၀၀) အရောင်း အဝယ်ဖြစ်ကြောင်း၊ ယခင် ဧပြီလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ဈေးအေး ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံဈေးကွက်သို့ နေ့စဉ်  ပိဿာ(၂၀) ဝင်အိတ် (၁၀၀၀ မှ ၁၅၀၀ ထိ) ဝင်ရောက်ကြောင်း၊ သီးနှံအသစ်ပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု များ ကြောင်း၊ ပြည်ပတင်ပို့မှုနည်းပြီး ကုန်သည်များမှ ဝယ်ယူသိုလှောင်ထားရှိမှုများကြောင်း၊ ပခုက္ကူပွဲရုံ ဈေးကွက် သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်/ပဲမုန့်(အစိမ်း/အကျက်) ထုတ်လုပ်သော လုပ်ငန်းရှင် များမှ ဝယ်ယူမှုများကြောင်း၊ ယခုအချိန် ပခုက္ကူပဲဈေးကွက်တွင် ကုလားပဲသီးနှံအသစ်များ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်း ဝယ်ယူသုံးစွဲမှုအပြင် ရန်ကုန်၊ မန္တလေး ဈေးကွက် သို့ တင်ပို့ကြောင်း၊ ကုလားပဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြည်တွင်းစားသုံးမှုများ၍ အရောင်း အဝယ်သွက်ကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA (မကွေး)