စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ " စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး " မျှော်မှန်းချက်နှင့်အညီ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်း၊ ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူသူ တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းအချက်အလက်ဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဇွန်လ(၁၄)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ပခုက္ကူမြို့ အမှတ်( ၁၄)ရပ်ကွက်ရှိ " ထူးကဲပို " စားသောက်ကုန်လုပ်ငန်း၊ "အကယ်ဒမီ" ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်တို့အား တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပါသည်။ မုန့်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအား ကုန်အမှတ်တံဆိပ်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းတွင် ပါဝင်သော ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏ အမည်နှင့် လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြန်လည်ထုတ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစိုးရဌာနများက သတ်မှတ်ထားသော အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။
မုန့်လုပ်ငန်းရှင်များအနေဖြင့် ကုန်အမှတ်တံဆိပ်တွင် ပြည့်စုံစွာ ထည့်သွင်းဖော်ပြပြီးလျှင် မိမိတို့ကုန်စည်သည် လုံခြုံစိတ်ချရမည်ဖြစ်ပြီး ၊စားသုံးသူမှ ကုန်အမှတ်တံဆိပ်မပြည့်စုံသည့် ကုန်စည်နှင့်နှိုင်းယှဉ်၍ ရွေးချယ်စားသုံးမည်ဆိုပါက လုံခြုံစိတ်ချမှုရှိသော ကုန်စည်ကိုသာ ရွေးချယ်စားသုံးမည်ဖြစ်ကြောင်း ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာထည့်သွင်းပြီးလျှင် စားသုံးသူရေးရာဦးစီးဌာန သို့ လာရောက်၍ စိစစ်ခွင့်ပြုချက် လျှောက်ထားနိုင်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
DOCA(မကွေး)