
၂၀၂၅ခုနှစ်၊ နွေရာသီ မေလ ဒုတိယအပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင် ကရင်ပြည်နယ်ဒေသထွက် ဒညင်းသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မိုးဦးကျတဲ့အချိန်မှာ ပေါ်လာတတ်တဲ့ ဒညင်းသီးကို မြန်မာလူမျိုး တော်တော်များများ သဘော ကျကြပါတယ်။ ဒညင်းသီးကို အတို့အမြှုပ်အနေနဲ့ပဲဖြစ်ဖြစ်၊ ဟင်းချက်ပြီးဖြစ်ဖြစ်၊ ဆားရည်စိမ်ပြီးပဲ ဖြစ်ဖြစ် စားသုံးကြပါသည်။ သဲမြေထဲမှာ အပင်ဖောက်ပြီး ဒညင်းဝက် လုပ်စားတာတောင်ရှိပါသေးတယ်။ မီးလေးအုံးပြီး တို့စားတာ၊ ပြုတ်ပြီးတို့စားတာ၊ အစိမ်းနုနုလေးကို တို့စားတာလေးတွေရှိကြပါသည်။ ဒညင်းသီးမှာ အဆိပ်အတောက် အနည်းငယ်ပါဝင်ပါသည်။ ဒညင်းသီးမှာ အမိုင်နိုအက်ဆစ် တစ်မျိုး ဖြစ်တဲ့ djenkolic acid ပါဝင်နေသည်။ ထို အက်ဆစ် က ဒညင်းသီး အဆိပ်တက်တာကို ဖြစ်စေနိုင် သည်ကို သတိပြုရန်လိုအပ်ပါသည်။ ဒညင်းသီးစားသုံးခြင်းအားဖြင့် ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါသည်။
ကရင်ပြည်နယ်ဒေသထွက် ဒညင်းသီးဈေးနှုန်းမှာ ဒညင်းသီး ၁တင်းကို (၇၀,၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း သိရပါသည်။ လက်လီဈေးနှုန်းမှာ ဒညင်းသီး ၁လုံးလျှင် (၁၀၀)ကျပ်၊ ဒညင်းသီး (၁၀၀)လျှင် (၈,၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)