Main menu

ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

Powered by Drupal

     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ  ၂၇ ရက် နံနက်(၀၈း၀၀)နာရီ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၊ ဥတ္တရသီရိမြို့နယ်၊  ရွှေနံ့သာရပ်ကွက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     သင်တန်းဖွင့်ပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းက အဖွင့်အမှာ စကားပြောကြားရာ ယခုအခါနိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ပြီး ကျေးလက်နေပြည်သူများမှာ ၇၀ ရာခိုင်နှုန်းရှိနေပါကြောင်း၊ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊  မိမိဒေသထွက်ပစ္စည်း များအား တန်ဖိုးမြှင့်ထုတ်ကုန်များ အဖြစ်ထုတ်လုပ်နိုင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိသည့်အပြင် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သော သင်တန်း တစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချမည့် ဘာသာရပ် များကို အလေးထားသင်ယူလျက် လက်တွေ့ဘဝတွင် အကျိုးရှိရှိ အသုံးချသွားစေလိုပါကြောင်း၊ ပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘက်မှလည်း ပြည်သူများ၏လိုအပ်ချက်များကို အတက်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်သူများကလည်း မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းအားရှိသလောက် ဝိုင်းဝန်းဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

    သင်တန်းဖွင့်ပွဲအခမ်းအနားသို့နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်  သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် ကိတ်မုန့်ပြုလုပ်နည်း၊ ဖျော်ရည်ပြုလုပ်နည်း၊ ယိုမျိုးစုံပြုလုပ်နည်းများ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ (၂၇)ရက်မှ ဇူလိုင်လ(၃)ရက် နေ့ထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

DOCA(ပြည်ထောင်စုနယ်မြေ)