
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာ၊ ငွေဆောင်ပင်လယ်ကမ်းခြေဒေသများတွင် သဘာဝအလျောက်နေထိုင်ပြီး အများဆုံးတွေ့ရှိရသည့် ပင်လယ်ပျော် ဇီဝဇိုးငှက်များမှာ ငှက်သိုက်ကို မိမိတို့၏ အန်ဖတ်ဖြင့် အသိုက်ပြုလုပ်၍ ဥဥကာ ငှက်ပေါက်လေးများ အတောင်အလက်စုံပြီး အသိုက်ကို စွန့်ခွာသွားချိန် ၎င်းအသိုက်ကို ခွာယူ၍ လူသားတို့ကျန်းမာရေး အတွက် ခွန်အားဖြစ် ဖြည့်စွက်စာအဖြစ် ငှက်သိုက်ကုန်ချောပြုလုပ်ကာ ဈေးကွက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်၊၊
ဇီဝဇီုးငှက်များမွေးမြူရာတွင် လူနေထိုင်ခြင်းမရှိသော အဆောက်အဦ တစ်လုံးသီးသန့် ဆောက်လုပ်ထားရပြီး လူနှင့်ယဉ်ပါးမှုမရှိဘဲ လူရှိလျှင် အဆိုပါ အဆောက်အဦ တွင် နေထိုင်မှု မရှိကြောင်း ဇီဝဇိုးငှက်များမွေးမြူရာတွင် ၁ နှစ် အတွင်းအသိုက်ခွာလို့မရဘဲ ၁နှစ်ဝန်းကျင် ရောက်ရှိမှ သာ အသိုက်ခွာလို့ရကြောင်း အဆိုပါငှက်များ နေထိုင်ရန် ငှက်များကြိုက်နှစ်သက်သည့် အသံကိုလည်းထည့်သွင်းပေးရပြီး ငှက်မြူးတဲ့ဆောင်းရာသီမှာ ငှက်ပိုမိုဝင်ရောက်မှုရှိကြောင်း ငှက်မွေးမြူရန် ပေ ၅၀ ၂၀ နှစ်ထပ် အဆောက်အဦတွင် အမြင့် ၂၂ ပေ ရှိသည့် ငှက်တန်းများ ပြုလုပ်၍ ဇီဝဇီုးငှက်များ မွေးမြူကာ ငှက်သိုက်ထုတ်လုပ်နေသူ ချောင်းသာမြို့ရှိ လုပ်ငန်းရှင် ဦးကျော်ဝင်းထွေးမှ ပြောကြားပါသည်၊၊
ငှက်သိုက်ကိုခွာယူပြီး ရေစိမ်၍ ငှက်ချေး၊ ဥအကွဲ ၊ ဥအကြေ ၊ ငှက်မွှေးများကို ရှင်လင်း၍ သန့်စင်ပြီးသား ငှက်သိုက်များကိုယိုးဒယားနိုင်ငံထုတ် သကြား၊ ရေသန့်၊ ငှက်သိုက်တို့ဖြင့် ကောက်ညှင်းပေါင်း ပေါင်းသလို ၁နာရီခန့် ပေါင်းရပြီး အအေးခံရပါသည်၊၊ အအေးခံထားသော ငှက်သိုက် ၃၅ ဂရမ်ကို ပိုးသတ်ထားသော ၄၅ မီလီမီတာ ဖန်ပုလင်းများ တွင် ထည့်သွင်းပြီး ရရှိလာသော ငှက်သိုက်ကုန်ချောများကို ပစ်တိုင်းတောင် အမှတ်တံဆိပ်ဖြင့် တစ်ပုလင်းလျှင် ၉၅၀၀ ကျပ်ဈေးနှင့် ပုသိမ်၊ ရန်ကုန်၊ မြောင်းမြ၊ မန္တလေးမြို့နှင့် အခြားမြို့များရှိဈေးကွက်သို့ ကိုယ်စားလှယ်များမှတဆင့် အော်ဒါယူသူများအား အမြန်ချောပို့စနစ်ဖြင့် အိမ်တိုင်အရောက် ရောင်းချပေးလျက်ရှိကြောင်း ငှက်သိုက်ကို သက်ကြီးဘိုးဘွားများ ကျန်းမာရေးမကောင်းသော လူမမာများ ၊ အားကစား သမားများအတွက် ဖြည့်စွက်စာ အဖြစ် သုံးစွဲလျက်ရှိကြောင်း လုပ်ငန်းရှင်မှ ပြောကြားပါသည်၊၊
DOCA(ဧရာဝတီ)