
ပြည်ဈေးကွက်တွင် ယခုဧပြီလအတွင်း ပြောင်းဖူးသီးနှံများ ဈေးကောင်းရလျက်ရှိနေပြီး ပြည်မြို့အနီးတစ်ဝိုက်ရှိ မှော်ဇာ၊ ဆင်မြီးဆွဲ၊ တောင်ခွေးရဲရွာများနှင့် ခရိုင်အတွင်း မြို့နယ်များဖြစ်သော အင်းမ၊ သဲကုန်း၊ ဝက်ပုတ်၊ ပုတီးကုန်း၊ ရွှေတောင်စသည့်နယ်များမှ တစ်ရက်ခြားလျှင် အလှည့်ကျအဝင်ရှိနေကြောင်း သိရပါသည်။ ယခုလိုပူပြင်းသည့်အချိန်ကာလတွင် ပြောင်းဖူးများကို ရေသွင်းစိုက်ပျိုးခြင်း၊ ပြောင်းဖူးမျိုးစေ့များ ဈေးနှုန်းမြင့်ခြင်းနှင့် သယ်ယူပို့ဆောင် စရိတ်များ မြင့်ခြင်းကြောင့် ယခင်ကာလများထက် ဈေးနှုန်းပိုမိုလျက်ရှိနေသည်။ အရောင်းအဝယ်အနေဖြင့် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းမှာ ပြောင်းဖူးစိမ်းတစ်ဖူးလျှင် အဝါရောင် သကြားပြောင်းဖူးမှာ ကျပ် ၇၀၀-၈၀၀နှုန်း၊ အဖြူရောင်ပြောင်းဖူးမှာကျပ် ၆၀၀-၇၀၀နှုန်းနှင့် ပြုတ်ပြီးသားပြောင်းဖူးတစ်ဖူးလျှင် အဝါရောင်သကြားပြောင်းဖူးပြုတ်တစ်ဖူးလျှင် ၁၀၀၀-၁၂၀၀ကျပ်၊ အဖြူရောင်ပြောင်းဖူးပြုတ်မှာ တစ်ဖူးလျှင် ကျပ်၈၀၀-၉၀၀နှုန်းတို့ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)