Main menu

ရာသီပေါ် ထန်းသီးဆံ

Powered by Drupal

             အညာဒေသတွေရဲ့ အမှတ်အသားလို့တောင်ပြောလို့ရတဲ့ ထန်းပင်လေးက သားသမီး တစ်ယောက်ထက်တောင်ပိုပြီး အသုံးကျသေးတယ်လို့ ပြောတာကိုကြားဖူးကြပါသည်။ ထန်းပင်ရဲ့ အရွက်က အမိုးမိုးလို့ရပါသည်။ ဒါတင်မက ထန်းသီးအဆံကလည်း စားလို့ရပါသည်။ ထန်းသီးမှည့် သွားရင်လည်း အနှစ်တိုက်ပြီး ထန်းသီးမုန့် လုပ်စားလို့ရတယ်။ အမြစ်ကလည်း စားလို့ရပါတယ်။ ထန်းပင်ကအိုသွားလို့ ခုတ်လှဲရပြီဆိုရင်လည်း ပင်စည်ကို ကြမ်းခင်းအဖြစ်သုံးလို့ရပါသေးတယ်။ ထန်းရည်နဲ့ ထန်းလျက်ကလည်း ထန်းပင်ကနေရတဲ့ အရာတွေပဲဖြစ်ပါသည်။ ထန်းသီးဆိုတာက အမှန် တော့ အသီးရဲ့အဆံလေးပါ။ ထန်းသီးနုနုလေးစားရတာက ဂျယ်လီလေးစားရသလိုပါပဲ။ တချို့ကလည်း သကြားမဖြူးတဲ့ အချိုဓာတ်လေးနဲ့ သဘာဝ အေးနေတာလေးအတိုင်း သရေစာလို စားကြပါသည်။ တချို့လည်း ထန်းလျက်နဲ့ စားကြပါသည်။ ပင်ကိုယ်အေးနေတဲ့ သဘာဝရှိတာကြောင့် ထန်းသီးဆံကို Sugar Palm fruit လို့ခေါ်တာထက် Ice Apple လို့ ခေါ်တာများပါသည်။ အထိအတွေ့က Jelly လိုနဲ့ အုန်းသီးနဲ့ ခပ်ဆင်ဆင် အရသာရှိတယ်လို့ ပြောလို့ရပေမဲ့ ထန်းသီးဆံ အရသာက ဘာနဲ့မှမတူဘဲ တမူ ထူးခြားနေပါသည်။ ဆိုးဆေးတွေ၊ ပြုပင်ထားတဲ့ အချိုဓါတ်တွေ ကင်းစင်တဲ့ သဘာဝရဲ့ ဂျယ်လီဆိုရင် လည်း မမှားပါဘူး။ ထန်းသီးတစ်လုံးမှာ ၃ ခု ဒါမှမဟုတ် ၄ ခုထိပါတတ်ပါတယ်။ အသီးရဲ့ လုံးပတ်က ၄ လက်မကနေ ၇ လက်မလောက်ရှိတတ်ပါသည်။ ထန်းသီးဆံလေးရဲ့ အခွံက အဝါရောင်လိုလိုလေးသန်း နေတတ်ပြီး အတွင်းကအဆံက အဖြူရောင်လေးပါ။ နုရင်တော့ ခပ်ကြည်ကြည်လေးပါ။ အရမ်း နုရည် အရည်လည်း ရွှမ်းပါသေးသည်။ နွေရာသီမှာ ထန်းသီးနုနုချိုချိုလေးကို ပင်ပွားလေးနဲ့ရောလို့ နို့စိမ်းလေး၊ ရေခဲလေးနဲ့ရောစပ်လိုက်ရင် ထန်းသီးဖော်ရည်ချိုအေးမွှေးလေးက ရင်အေးစေသလို စိတ်ကျေနပ်မှုလည်း ရစေတာအမှန်ပါ။ ထန်းသီး မနုမရင့်လေးတွေကိုလည်း ကျောက်ကျောထိုးစားလို့ရပါသေးသည်။ ဒီလို အမျိုးမျိုးအဖုံဖုံစားလို့ရတဲ့ ထန်းသီးနုနုလေးက စားကောင်းရုံတင်သာမက ကျန်းမာရေးအတွက်လည်း ကောင်းစေပါသည်။ စားဖူးသူတိုင်း သိကြမှာပါ ထန်းသီးဆံရဲ့ သဘာဝ အအေးဓာတ်ကြောင့် ရေကျောက် ပေါက်တဲ့အခါ ဓာတ်စာ အနေနဲ့ စားခိုင်းကြပါသည်။ အလားတူ ရေဓာတ်များစွာပါဝင်လို့ နွေရာသီမှာ ပေါက်တတ်တဲ့ မိတ် နဲ့ Heat Stroke တွေမဖြစ်အောင်လည်း လုပ်ပေးပါသည်။ ဝက်ခြံပေါက်ခြင်း၊ အနာမီး အနာစက်တွေကိုလည်း ပျောက်စေပါသည်။ ယခုနှစ် ထန်းသီးဆံ ပေါ်ချိန်တွင် ထန်းသီးတစ်လုံး မှာပါတဲ့ ထန်းသီးဆံတစ်ဆံကို ကျပ် (၂၀၀) ရှိပြီး ထန်းသီးတစ်လုံးကို ကျပ် (၁၀၀၀) ကျပ်ဖြင့် ဝယ်ယူ စားသုံးကြပါသည်။ ထန်းသီးဆံ အချောတစ်ဆံလျှင် ကျပ် (၃၀၀) ရှိပြီး ရာသီပေါ်ဖြစ်တဲ့အတွက် ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)