Main menu

ပခုက္ကူ သကြားပြောင်းဖူးဈေးကွက်

Powered by Drupal

            သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာအဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီအလိုက် သီးထပ် စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့် အခြားမြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက် ညဉ့်၊ အောက်ညဉ့်ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်) တွင် ဈေးကွက်သို့ သကြားပြောင်းဖူးများ ဝင်ရောက်မှုနည်းပြီး ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ နွေရာသီရောက်ရှိ၍ ပြောင်းဖူးသီးနှံကို ဝယ်ယူစားသုံးမှု များကြောင်း သိရှိရသည်။

            သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ပြောင်းဖူး အရွယ် အစား၊ အစေ့ အကြီးအသေးအောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ တစ်ဖူးလျှင် လက်ကားဈေး ကျပ်(၂၀၀-၂၅၀)၊ လက်လီဈေးတစ်ဖူးလျှင် ကျပ်(၃၅၀-၄၀၀)အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် ဧပြီလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူးတစ်ဖူးလျှင် ကျပ်(၁၀၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ခင်းများမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်မဟုတ်၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြောင်းဖူးသည် လူ့ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ် သော သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှုမြင့်မားခြင်းကြောင့် နေ့စဉ်အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ အကြော်ဆိုင်များ၊ အသုပ်မျိုးစုံဆိုင်များမှ ဝယ်ယူမှုများကြောင်း သိရှိရသည်။

DOCA(မကွေး)