ဒူးရင်းသီးဆိုလိုက်ရင် ကြားတာနဲ့ စားချင်လာပြီဆိုတဲ့သူတွေ ရှိသလို ဒူးရင်းသီးလား အနံ့တောင်မခံနိုင်ဘူး ဆိုသူတွေလည်းရှိကြပါတယ်။ ရာသီစာ ဒူးရင်းသီးကို သူရဲ့အရသာကြောင့် ကြိုက်တဲ့လူအများကြီးရှိပေမယ့်လည်း အနံ့ကြောင့် အများစုက ကြိုက်နှစ်သက်ခြင်း မရှိကြ ပါဘူး။ ဒူးရင်းသီးဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်း ဒေသတွေအပါအဝင် အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာ တို့မှာ အဓိက ပေါက်ရောက်လေ့ရှိပါတယ်။ မြန်မာပြည်မှာဆိုရင် မြန်မာပြည်တောင်ဘက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသော အသီးတစ်မျိုးဖြစ်သည်။ ၎င်း၏ အင်္ဂလိပ်အမည်မှာ DURAIN ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Durio Zibethenus၊ မျိုးရင်းအမည်မှာ BOMBACEAE ဖြစ်သည်။
ဒူးရင်းပင်သည် ကျောက်စရစ်မြေနီကို ပို၍ ကြိုက်သည်။ မြေဆီကောင်းမွန်ပြီး ရေစီးဆင်းမှုကောင်းသော နုန်းဆန်သော မြေ၊ ရေသွင်းရေထုတ်ကောင်းစွာပြုလုပ်နိုင်သော မြေညီမြေပြန့်ကို ကြိုက်နှစ်သက်သည်။ PH 6.5 ဝန်းကျင်ရှိသော သဲနုန်း (သို့မဟုတ်) နုန်းမြေကို နှစ်သက်သည်။
ပူအိုက်စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ပျမ်းမျှအပူချိန် (၂၄ ဒီဂရီဆဲလ်စီယပ် မှ ၃၀ ဒီဂရီဆဲလ်စီးယပ်) စိုထိုင်းဆ ၇၅ ရာခိုင်နှုန်း၊ မိုးရေချိန် ၇၅ လက်မ အထက်ရှိသော ဒေသတွင် ကောင်းစွာဖြစ်ထွန်းသည်။ လစဉ် ပျမ်းမျှအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ် ထက်နည်းပါက အပင်ကြီးထွားမှု မဖြစ်ပါ။ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်ထိ ခံနိုင်သော်လည်း အရွက်ကြွေပါမည်။ တစ်နှစ်ပတ်လုံး မိုးရွာသွန်းသော ဒေသများတွင် စီးပွားဖြစ် အသီးထုတ်လုပ်ရေးအတွက် ပိုကောင်းကြောင်း သိရှိရသည်။ မွန်ပြည်နယ်တွင် ဒူးရင်းသီးကို နေရာအနှံစိုက်ပျိုးကြရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၇၅၉၀ ဧက ရှိပြီး ရိတ်သိမ်းဧက ၇၂၅၂ ရှိကြောင်း၊ အထွက်နှုန်း တစ်ဧက လျှင် ၂၇၃၇ လုံးရှိရာ အလုံးရေစုစုပေါင်း ၁၉၈ သိန်းကျော်ခန့် ထွက်ရှိကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရ သိရှိရသည်။
ဒူးရင်းသီးကို မိုးဦးကျ ဇွန်လတွင် စိုက်ပျိုးနိုင်ပြီး ရေရရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုး နိုင်ပါသည်။ မျိုးရွေးချယ်ရာတွင် (၁) အသီးအထွက်ကောင်းခြင်း၊ (၂) အိမ်မွှာကြီးပြီး အသားထူ ခြင်း၊ အစေ့သေး၊ အရသာကောင်းခြင်း၊ (၃) စောစောပွင့်သီးခြင်းတို့ကို ဦးစားပေးသင့်သည်။ အရည်အသွေးကောင်းမျိုးများဖြစ်သည့် ကန်ကလေး (၁)၊ ကန်ကလေး (၂)၊ ရွှေဒင်္ဂါးမီးချောင်း ခေါင်းများကို စိုက်ပျိုးနိုင်သည်။
ဒူးရင်းသီးတစ်ဧကတွင် (၃၀' x ၃၀' )ခြားစိုက်ပါက ၄၈ ပင်၊ (၂၅' x ၂၅' )ခြားစိုက်ပါက ၇၀ ပင်၊ (၂၀' x ၂၀' ) ခြားစိုက်ပါက ၁၀၈ ပင် ဝင်ဆန့်ပြီး ဒူးရင်းပင်စိုက်ပျိုးရန်အတွက် ၃' x ၃' x ၃' အရွယ်စိုက်ကျင်းတူးပြီး မြေခံမြေသြဇာအဖြစ် ၁၅:၁၅:၁၅ (၃)မျိုးစပ် နို့ဆီဘူး (၁) ဘူး၊ နွားချေးဆွေး (သို့) ကြက်ချေးဆွေး(၂)တင်း၊ မြေအောင်းပိုးသတ်ဆေး (၁)ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး (၁)ဘူးတို့အား အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းတွင်းထည့်ကာ တစ်လခန့် နှပ်ထားသင့်သည်။ ကျန်းမာသန်စွမ်းသော(၁-၂)နှစ်သား ကိုင်းဆက်ပျိုးပင်များကို မြေနှပ်ထားသောကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရပါမည်။ ရေလုံးဝမဝပ်စေရန် ပင်ခြေပတ်လည်အားဖို့ပေးပြီး ပလက်စတစ်အနက်စဖြင့် အုပ်ပေးခြင်း၊ တိုင်ထောင်၍ ပျိုးပင်အား ကြိုးချည်ထိန်းပေးခြင်းများ ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီး (၂) နှစ်သားထိ ကျနေဒဏ်ခံနိုင်ရန်အတွက် အရိပ်လုပ်ပေးရသည်။ ဒူးရင်းပင်၏ကျနေဘက် အခြမ်း ၄-၅ ပေ အကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက ကြားဝင်ငွေရသည့်အပြင် အရိပ်လည်းရမည်ဖြစ်သည်။
မိုးကုန်ပါက ရေဝိုင်း၊ ရေဝပ်ကျင်းများပြုလုပ်ပေးရသည်။ အသီးခူးပြီးချိန်တွင် အကိုင်းရှင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေသြဇာကျွေးခြင်း (စက်တင်ဘာ/ အောက်တိုဘာ) တွင် ပြုလုပ်ပြီး မိုးစကုန်သည့်ရက်မှ (၁)လခန့် ရေဖြတ်ပြီးမှ ရေသွင်းရပါမည်။ သို့မှသာ ပွင့်သီးမှုအပိုင်း ကောင်းပါမည်။နိုဝင်ဘာလမှ မိုးကျသည်အထိ ရေပေးသွင်းရပါမည်။ နေ့စဉ်မသွင်းနိုင်ပါက ၄-၅ ရက် တစ်ကြိမ်လုံလောက်စွာပေးရသည်။
ပန်းပွင့်စေရန်နှင့် သီးထွက်အားကောင်းစေရန် အကိုင်းဖြစ်ပြုပြင်ခြင်းလည်း လုပ်ရပါမည်။ ရှုပ်ထွေးနေ သောအကိုင်းများ၊ ကိုင်းညှပ်ကိုင်းခြောက်များနှင့် ရေတက်များရှင်းရပါမည်။ ပင်စည်မှ အကိုင်းဖြတ်တိုင်း သတိထားရမည်မှာ ဖြတ်သည့်နေရာအား မာတာရာဇီ မှိုသတ်ဆေးသုတ်လိမ်းပေးရန်ဖြစ်သည်။ ရောဂါဝင်နိုင်၍ ဖြစ်သည်။ အပင်ခြေအား အမြစ်မထိခိုက်စေဘဲ ပေါင်းရှင်းခြင်းဖြင့် ပိုးမွှားနှင့်ရောဂါအန္တာရာယ် ကာကွယ်နိုင်ပါသည်။ အပင်ခြေအထက် (၃) ပေတွင် မည်သည့်အကိုင်းမှမရှိစေရန် ရှင်းထားရမည်။
မိုးဦး၊ မိုးနှောင်းကာလနှင့် ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေသြဇာကျွေးရမည်။ အသီးသီးပင်ဖြစ်ပါ က ၁၅:၁၅:၁၅ မြေသြဇာကို ၁ ကီလိုမှ ၃ ကီလို (၆၀ ကျပ်သား မှ ၁ ပိဿာခွဲ) အထိ ပင်ရေဝိုင်းအတွင်း အပေါ်ယံဖြူးကျွေးခြင်း (Top dressing) ပြုလုပ်ပြီးအပေါ်မှ ကြက်ချေး ၄-၅ တင်းအုပ်ပေးရသည်။ မြေပေါ်ကျွေးခြင်းမှ အမြစ်မထိခိုက်စေရန်ဖြစ်သည်။
မြေသြဇာကို အကြိမ်ကြိမ်ခွဲကျွေးသင့်သည်။ ရွက်ဖျန်းမြေသြဇာလည်း သုံးနိုင်ပါသည်။ သဘာဝမြေသြဇာကို ကြက်ချေးသုံးနိုင်လျှင် ပို၍ ကောင်းမွန်ပါသည်။ နွားချေးသုံးလျှင် နွားချေးမှာ အဆွေးပါက ရောဂါ အားပေးမှု ဖြစ်စေနိုင်ပါသည်။
ဒူးရင်းပင်များသည် ပင်ညှိုးပိုး၊ ပင်စည်ပုပ်ရောဂါများ ဖြစ်တတ်သဖြင့် ပိုးနှင့် ရောဂါကို နေ့စဉ်ဂရုစိုက်နိုင်မှသာ ဒူးရင်းကိုစိုက်ပျိုးသင့်ပါသည်။ ပိုးနှင့် ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် မိုးရာသီ ပင်ခြေ ရေလုံးဝမဝင်စေရန် ဆောင်ရွက်ခြင်း၊ ရေစိုနာအကွက်တွေ့ပါက ခြစ်ထုတ်ပြီး Metalaxy သုတ်လိမ်းခြင်း၊ အပင်ကိုယ်ခံစွမ်းအားကောင်းရန် 10% Phosphorus acid ကို ပင်စည်ထဲသို့ ထိုးသွင်းခြင်းကို ဆောင်ရွက်သင့်သည်။
ဒူးရင်းသည် Year Round တစ်နှစ်ပတ်လုံးသီးသော သီးပင်ဖြစ်သည်။ ပန်းပွင့်ချိန်သည် တစ်လခွဲခန့်ကြာပြီး မျိုးအလိုက် စပွင့်သည်မှ မှည့်သည်အထိ ၅ လခွဲမှ ၆လထိ ကြာပါသည်။ နိုဝင်ဘာလတွင် ပန်းစပွင့်သောအပင်သည် ဧပြီလတွင် အသီးဆွတ်ခူးနိုင်ပါသည်။ အရောင်ပြောင်း၊ ဆူးကြဲလာလျှင် ကောင်းစွာရင့်ပါသည်။ လက်မနှင့် ဆူးကို ခေါက်ကြည့်ပြီး ဂလိုင်သံထွက်လာလျှင် အညှာအရင်းအထက်ဖြတ်ပြီး ခူး၍ရပြီဖြစ်သည်။ အသီးများ ကောင်းစွာရင့်မှည့် မှသာ ဆွတ်ခူးရပါသည်။ အပင်မှည့်ကြွေသီးက အရသာပိုကောင်းပါသည်။
ဒူးရင်းသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေခြင်းကြောင့် အူမကြီး လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေပါသည်။ သီရာမင်း ပါဝင်နေမှုကြောင့် အစာစားချင်စိတ်ကို တိုးစေနိုင်သည်။ လေပွခြင်း၊ ရင်ပူခြင်း၊ လေခံခြင်းများ မဖြစ်စေရန် ကာကွယ်ပေးပါသည်။ ဒူးရင်းသီးမှာပါဝင်သော organosulfur သည် အင်ဇိုင်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါများ မဖြစ်စေရန် ကာကွယ်ပေးပါသည်။ အမျှင်ဓာတ်သည် သွေးတွင်းရှိ မကောင်းသော ကိုလက်စထရော ကျဆင်းစေရန် ထောက်ကူပေးပြီး နှလုံးသွေးကြောများကို ကျန်းမာစေနိုင်ပါသည်။ ဒူးရင်းသီးသည် အင်ဆူလင် တုံ့ပြန်မှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါသည်။ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်သည့်အတွက် ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး သွေးတိုးရောဂါ မဖြစ်စေရန် ကာကွယ်ပေးပါသည်။ သွေးကြောများကို ပြေလျော့စေပြီး ရုတ်တရက် နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း မဖြစ်စေရန် ကာကွယ်ပေးနိုင်ပါသည်။ ကယ်လ်လိုရီ ပါဝင်မှုများခြင်းကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေပြီး ကိုယ်အလေးချိန်တိုးစေရန် အကောင်းဆုံး ထောက်ကူပေးနိုင်ပါသည်။ ဗီတာမင် C ကြွယ်ဝစွာပါဝင်သဖြင့် ကိုယ်ခံအားကို ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း တိုးတက် ကောင်းမွန်စေနိုင်ပါသည်။ ဒူးရင်းသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ခြင်း ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး polyphenols ပါဝင်နေမှုက ကင်ဆာဆဲလ်များ မကြီးထွားစေရန် ဟန့်တားပေးသလို ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးနိုင်ပါသည်။ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နှင့် မဂ္ဂနီဆီယမ် ကဲ့သို့ သတ္တုဓာတ်များ ပါဝင်နေမှုကြောင့် အရိုးသိပ်သည်းဆကို ကောင်းမွန်စေသကဲ့သို့ အရွတ်များကိုလည်း ကျန်းမာစေနိုင်ပါသည်။ သံဓာတ်နှင့် ဖောလိတ် ပါဝင်သဖြင့် သံဓာတ် အားနည်းပြီး သွေးအားနည်းရောဂါမဖြစ်စေရန် ကာကွယ်ပေးနိုင်ပါသည်။ ဒူးရင်းသီးမှာ tryptophan ပါဝင်သဖြင့် ဦးနှောက်ထဲမှာ ဆီရိုတိုနင် ဟော်မုန်း ထွက်ရှိစေပြီး သက်တောင့်သက်သာဖြစ်မှုနှင့် ပျော်ရွှင်မှုကို ခံစားရပြီး သွေးကြောထဲတွင် မယ်လ်လာတိုနင် ထွက်ရှိစေခြင်းကြောင့် ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေရန် အထောက်အကူပေးပါသည်။ အလှအပအနေနဲ့ ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ဆံသားနှင့် အသားအရေကို ကျန်းမာလှပစေနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ဒူးရင်းသီး ပေါ်ချိန်မှာ မေ၊ ဇွန်၊ ဇူလိုင် လတို့၌ ဒူးရင်းသီးလှိုင်လှိုင် ထွက်သော အချိန်ဖြစ်သည်။ ယခု ဇွန်လတွင် ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ရာ ဈေးနှုန်းများမှာ ဒေသထွက် အလုံးကြီး (၈၀၀၀) ကျပ်၊ အလတ် (၅၀၀၀)ကျပ်၊ အသေး (၂၅၀၀)ကျပ်ရှိကြောင်း သိရှိရပြီး ဒေသတွင်း စားသုံးခြင်းသာမက ပဲခူး၊ ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒူးရင်းစိုက်ပျိုးသော တောင်သူများဝင်ငွေတိုးတက်ရရှိလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ကိုးကား- စိုက်ပျိုးရေးဦးစီးဌာန
DOCA(မွန်)