
မျှစ်သည် ဝါးအမျိုးအနွယ်ဝင်ဖြစ်ပြီး မိုးရာသီတွင်အဓိကထွက်ရှိ၍ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသများတွင် မေလမှအောက်တိုဘာလအတွင်း မျှစ်များ အများဆုံး ထွက်လေ့ရှိကြောင်း၊ မျှစ်ထွက်ရှိမှုသည် ဝါးအမျိုးအစား၊ ရာသီဥတုနှင့်ဒေသကိုလိုက်၍ ထွက်ရှိမှု ကွာခြားနိုင်ကြောင်း သိရသည်။ မြင်းခြံမြို့ရှိ ကုန်စိမ်းဈေးဖြစ်သော အေးမြသီတာဈေးတွင် ရောင်းချနေသော မျှစ်နုချို ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်ဖြစ်ပြီး၊ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်မှ (၇၀၀၀) ကျပ် ထိရှိကြောင်း မျှစ်အနုအရင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ မြို့နယ်အတွင်း ရောင်းချနေသောမျှစ်များကို ပြင်ဦးလွင်မြို့နှင့်မတ္တရာမြို့နယ်တို့မှ ဝင်ရောက်၍ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြောင်း၊ စားသုံးမှုအနေဖြင့် မျှစ်ပြုတ်များကို ငါးပိရည် အတို့အမြှုပ်အဖြစ်လည်း စားသုံးနိုင်သလို မျှစ်ကြော်၊ မျှစ်သုပ်၊ ဟင်းရည်သောက်၊ အသားဟင်းများနှင့်လည်းတွဲဖက်၍ ချက်ပြုပ် စားသောက်နိုင်သည်။ ကျန်းမာရေး အကျိုးပြုမှုအနေဖြင့် အမျှင်ဓာတ်ပါဝင်သောကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းမှန်စေကြောင်း၊ မျှစ်သည် ကယ်လ်ဆီယမ်ဓာတ် ပါဝင်သောကြောင့် အရိုးအဆစ်ကိုသန်မာစေသည်။ ယခုမေလဆန်းပိုင်းမှစ၍ သဘာဝထွက်ကုန် မျှစ်များ စတင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် လတ်ဆက်ပြီး အာဟာရဓာတ်ပြည့်ဝကာ ကျန်းမာရေးကို အထောက်အကူပြုပေသည်။
DOCA(မန္တလေး)