
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိတောင်သူများသည် စိုက်ပျိုးရေးကို အခြေခံ၍ နွေ၊မိုး၊ဆောင်းဥတုသုံးပါးနှင့်အညီ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ ကုန်စိမ်း သီးနှံတစ်မျိုးဖြစ်သော ခရမ်းသီး သီးနှံကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ ခရမ်းသီး သီးနှံ ကိုလည်း ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ခရမ်းသီးစိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကို ပျိုးထောင်ပြီး တစ်လခွဲ သားအရွယ်တွင် စိုက်ပျိုးရကြောင်း နှစ်လခွဲ သုံးလအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း ၊ တစ်ကြိမ်ခူးဆွတ်လျှင်အထွက်နှုန်းအနေဖြင့် ပိဿာ (၃၀၀-၄၀၀)ထွက်ရှိကြောင်း၊ ခရမ်းသီးပင်သက်တမ်း(၅)လအထိ ခူးဆွတ်ရကြောင်း ၊ (၁)ဧကကုန် ကျစရိတ်အနေဖြင့် ပျိုးထောင်ခြင်း၊မြေပြင်ခြင်း၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၈၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ ဧပြီလနောက်ဆုံးပတ်တွင် ခရမ်းသီးဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၄၀၀/)ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုအချိန်တွင် ဖောက်သည်ဈေး အနေဖြင့် ခရမ်းသီးတစ်ပိဿာလျှင် (၇၀၀/-)ကျပ် ၊လက်လီဈေးအနေဖြင့် ခရမ်းသီးတစ်ပိဿာလျှင် (၁၀၀၀-၁၂၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံဖြစ်သည့် အတွက်တစ်ပတ်နှင့်တစ်ပတ်ဈေးနှုန်းမတူညီကြောင်း ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိလာရောက် ဝယ်ယူသည့်အတွက်သယ်ယူစရိတ်သက်သာကြောင်း ပွဲစားများမှ ရန်ကုန်၊မန္တလေး၊နေပြည်တော်မြို့ များသို့တင်ပို့ရောင်းချကြောင်း တစ်ဧကအကျိုးအမြတ်အနေဖြင့် (၇၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ရရှိ သောကြောင့် တွက်ချေကိုက်သည့် သီးနှံဖြစ်ပါကြောင်း ခရမ်းသီးစိုက်ပျိုးသောတောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)