Main menu

တစောင်းဖူး(သို့မဟုတ်)အညာမှို

Powered by Drupal

            တစောင်းဖူးသည် အညာဒေသမှ ထွက်သော အညာစာစစ်စစ်မို့ အောက်သူအောက်သား အတော် များများကတော့ စားဖူးကြမယ်။ စားကောင်းကြလိမ့်မယ်လို့ မထင်ပါ။ ဈေးတွေထဲမှာ အများဆုံးတွေ့ ရတတ်တာက လက်ညှိုးလောက် အရွယ်ရှိတဲ့ ဆူးခက်လေးတွေနဲ့တူတဲ့ တစောင်းချဉ် အချောင်းကလေး တွေပါ။ တစောင်းဖူးမှာ အပူပိုင်းဒေသတွေမှာပေါက်တဲ့ တစောင်းပင်ကရတဲ့ အဖူးဖြစ်ပါသည်။ တစောင်းဖူး သည် ကြာဖူးနဲ့ ဆင်တူသောကြောင့် တချို့က ပဒုမ္မာဖူး၊ ရွှေကြာဖူးရယ်လို့လည်းခေါ်ကြပါသည်။ တစောင်းဖူး ကို အပွင့်မပွင့်မီ အဖူးဘဝမှာ ခူးပြီးဟင်းလျာအဖြစ် စားသုံးကြပါသည်။ ညအခါမှသာပွင့်တဲ့ကုမုဒြာကြာတို့၊ နဂါးမောက်သီးသီးတဲ့ နဂါးမောက်ပင်တို့က တစောင်းနွယ်ဝင်အပင်တွေဖြစ်သောကြောင့် အဖူးအပွင့်တွေမှာ ဆင်တူပါသည်။ တစောင်းဖူးသည် တစ်နှစ်မှာတစ်ခါသာမိုးရာသီအတွင်းမှာ ရတက်သော ရာသီစာဟင်းလျာတစ်မျိုး ဖြစ်သည်။ ဟင်းလျာအဖြစ် ကြော်စားချက်စားသောအခါ မှိုအရသာလိုချိုတာမို့ အညာသူအညာသားများက တစောင်းဖူးကိုကြိုက်ကြပါသည်။ တစောင်းဖူးကို ကြော်ချက်ချက်မယ်ဆိုရင် ဦးစွာ အဖူးကို ထက်ခြမ်းခွဲပြီး အထဲကဝတ်ဆံတွေကို ဖယ်ရပါသည်။ တချို့ကတော့ ဝတ်ဆံအပြင် ပွင့်ချပ်တွေကိုပါ ဖယ်ပစ်ပါသည်။ ပွင့်ချပ်က အနည်းငယ်အချွဲဓာတ်ရှိလို့ပါ။ တစောင်းဖူးလတ်ရင်တော့မချွဲအောင် သင်ပြီးသားတွေကို တစ်နေ လောက်ပြပြီးမှ ချက်ကြပါသည်။ တစောင်းဖူးကြော်ချက် ချက်မယ်ဆိုလျှင် သန့်စင်ပြီး တစောင်းဖူးတွေကို ရေဆေးပြီးစစ်ထားရ ပါသည်။ ဆီဒယ်အိုး ပူလာရင် အသင့်ပြင်ထားတဲ့ ကြက်သွန်ဖြူ၊ နီထောင်းပြီးသား အရောကို ဆီသတ်ပြီး ကျက်လောက်ပြီ ဆိုရင်တော့ အသင့်စိတ်ထားတဲ့ ခရမ်းချဉ်သီး စိတ်တွေနဲ့အတူ မျှင်ငါးပိ၊ဆား၊နနွင်းထည့်ကာ အနှစ်ရအောင် ချက်ပါမည်။ ဒယ်အိုးထဲက ဟင်းအနှစ်တွေ ဆီပြန်လာရင် ရေစစ်ထားသော တစောင်းဖူးတွေထည့်ပြီး အထက်အောက် နှံ့အောင်မွှေ၊ လုံးရေအနည်းငယ်ထည့်ပြီး အဖုံးပိတ်ချက်ရပါသည်။ ဒယ်အိုးက ဆီဆူသံ ပေးလာရင် အဖုံးဖွင့်ကာအပေါ့ အငန်မြည်းပြီး ငရုတ်သီးစိမ်း လေးငါးတောင့်လောက် အညှာခြွေထည့်ပါ။ ခရမ်းချဉ်သီး အနှစ်များများနဲ့ ထွေးထွေးအိအိလေးဖြစ်နေတဲ့ စားချင့်စဖွယ်တစောင်းဖူးကြော်ချက်ကို ရရှိပါသည်။ တစောင်းဖူးက နူးညံ့တာမို့ ချက်ပြုတ်ရာမှာလွယ်ကူ မြန်ဆန်ပါသည်။ ဒေသစာများသည် ထူးခြား ကွဲပြားတဲ့အရသာ ပေးစွမ်းတာမို့ဘယ်နေရာ၊ ဘယ်အရပ်ကိုပဲ ရောက်ရောက်လူမျိုးတိုင်း လူမျိုးတိုင်းက ကိုယ်နှစ်ခြိုက်တဲ့ ဒေသစာစားစရာလေးတွေကို စွဲလမ်းတမ်းတ တတ်ကြသည်မှာ အဆန်းမဟုတ်ချေ။ အညာဒေသထွက်တစောင်းဖူးချက်သည် မှိုဟင်းအတိုင်း စားကောင်း သော ဟင်းလျာတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)