Main menu

ထိုင်းဆန်စပါးညီလာခံ-၂၀၂၅ ကို မေ ၂၅ ရက်၌ ကျင်းပရန် စီစဉ်လျက်ရှိ

Powered by Drupal

    ထိုင်းပြည်ပကုန်သွယ်ရေးဦးစီးဌာနသည် ထိုင်းဆန်ဈေးကွက်နှင့် ပို့ကုန်တိုးမြှင့်ရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် ထိုင်းဆန်စပါးညီလာခံ-၂၀၂၅ (Thailand Rice Convention (TRC) 2025) ကို မေလ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။

    ထိုင်းဆန်တင်ပို့သူများနှင့် မိတ်ဖက်နိုင်ငံများမှ သွင်းကုန်လုပ်ငန်းရှင်များအကြား ကုန်သွယ်ဆက်ဆံမှု ပိုမိုခိုင်မာစေရန် ရည်ရွယ်ကျင်းပသော အဆိုပါ ညီလာခံသို့ တောင်အမေရိက၊ အာဖရိက နှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ဝယ်လက်အသစ်များ အပါအဝင် နိုင်ငံများစွာမှ ဆန်တင်သွင်းသူများ တက်ရောက်လိမ့်မည်ဖြစ်ကြောင်း၊ ထိုင်းလယ်သမားများသည်လည်း ဆန်စပါးစိုက်ပျိုးထုတ် လုပ်မှု၊ ကုန်သွယ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်ပြောင်းလဲမှုတို့နှင့် စပ်လျဉ်း၍ သတင်းအချက် အလက်များဖလှယ်ရာတွင် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းညီလာခံ၌ ဆန်တင်ပို့သူများ၊ တင်သွင်းသူများနှင့် ကုန်သည်များအကြား စီးပွားရေးလုပ်ငန်းချိတ်ဆက်မှုနှင့် ကုန်သွယ်ရေးညှိနှိုင်း မှုများ လုပ်ဆောင်ရန် အခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်ရာ ထိုင်းနိုင်ငံ၏ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုကို အထောက်အကူပြုမည့် အရောင်းအဝယ်သဘောတူစာချုပ်များ ချုပ်ဆိုနိုင်မည့် အလားအလာများရှိကြောင်း သိရှိရသည်။

    ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က အဆိုပါ TRC ညီလာခံမှ ဆန်တန်ချိန် ၁၀၀၀၀၀ ထက် မနည်းသော အဝယ်အမှာစာများကို ရရှိပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ ၂ ဘီလီယံခန့် ဝင်ငွေရရှိစေနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ကမ္ဘာ့နေရာဒေသ အများအပြား၌ ပထဝီနိုင်ငံရေး တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် ဆန်ဈေးကွက်၏ အခြေအနေကို အနီးကပ် စောင့်ကြည့်လေ့လာ လုပ်ကိုင်ရန် ပြည်ပကုန်သွယ်ရေးဦးစီးဌာနသို့ တာဝန်ပေးအပ်ထားကြောင်း၊ ၎င်းတို့ ဝန်ကြီးဌာန အနေဖြင့် လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေးကို ကြိုးပမ်းလျက်ရှိကြောင်း၊ ကနဦးအစပြုမှုအဖြစ် ဓာတ်မြေဩဇာဈေးနှုန်းများ လျှော့ချဆောင်ရွက် ပေးခဲ့ရာ နိုင်ငံတစ်ဝန်းရှိ လယ်သမားများထံမှ ထောက်ခံမှုရရှိခဲ့ပြီး ဓာတ်မြေဩဇာအိတ်ပေါင်း ၁ သန်းကျော် ဝယ်ယူရန် အမှာစာများကို လက်ခံရရှိထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဘတ်ငွေသန်း ၃၀ ခန့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာမှုရရှိစေခဲ့ကြောင်း ပြောဆိုခဲ့သည်။

   ထိုင်းအစိုးရ၏ ဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမှုသည် ဆန်စပါး၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တို့ အပါအဝင် သီးနှံအားလုံးစိုက်ပျိုးထုတ်လုပ်မှုကို လွှမ်းခြုံမှုရှိကြောင်း၊ တောင်သူလယ်သမားများ အနေဖြင့် စိုက်ပျိုးရေး သမဝါယမအသင်းများ၊ ကျေးလက်ဒေသရှိ စိုက်ပျိုးရေးလုပ်ငန်း အရောင်းဆိုင်များ၊ ဒေသခံ ဓာတ်မြေဩဇာ စီမံခန့်ခွဲမှုဌာန များမှတစ်ဆင့် အမှာစာများကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပေးပို့ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

     ပြည်ပကုန်သွယ်ရေးဦးစီးဌာနသည် မေလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပမည့် ထိုင်း အဖျော်ယမကာနှင့် စားသောက်ကုန်ပြပွဲတစ်ခုဖြစ်သော THAIFEX - Anuga Asia 2025 ကုန်စည် ပြပွဲတွင် ဆန်စပါးအဓိကစိုက်ပျိုးသော ပြည်နယ်များမှ အငယ်စား ဆန်စပါးလုပ်ငန်းရှင် ၁၆ ဦးကို ၎င်းတို့၏ ထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရေး စီစဉ်ထားကြောင်း၊ ထို့အပြင် ဖိလစ်ပိုင်နှင့် ဂျပန် တို့ကဲ့သို့သော အဓိက ဆန်တင်သွင်းသည့်နိုင်ငံများသို့လည်း သွားရောက်၍ ဈေးကွက်ဖြန့်ကျက်နိုင်ရေး ဆောင်ရွက်ရှိကြောင်းဖြင့် အဆိုပါဌာန၏ ညွှန်ကြားရေးမှူးချုပ် Arada Fuengthong က ပြောကြားခဲ့သည်။

Source: The Nation Thailand, May 15, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)