Main menu

ဆန်ကုန်သွယ်မှုဆိုင်ရာ အခကြေးငွေနှုန်းထားများ လျှော့ချရန် ထိုင်းအစိုးရအဖွဲ့ အတည်ပြု

Powered by Drupal

    ထိုင်းနိုင်ငံ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဆိုပြုတင်ပြထားသော ဆန်ကုန်သွယ်မှုဆိုင်ရာ အခကြေးငွေများနှင့် စပ်လျဉ်းသည့် စည်းမျဉ်းမူကြမ်းကို အစိုးရအဖွဲ့၏ အစည်းအဝေးတွင် အတည်ပြုခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ်ရုံး၏ ဒုတိယ ပြော‌ရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ် Ms. Sasikarn Wattanachan က ပြောကြားခဲ့သည်။

    အဆိုပါ မူကြမ်းသည် ယေဘုယျဆန် တင်ပို့သူများနှင့် ထုပ်ပိုးပြီးဆန် တင်ပို့သူများအတွက် ဆန်ကုန်သွယ်မှု လိုင်စင်လျှောက်ထားရာ၌ လိုင်စင်ကြေးများအား လျှော့ချ ပြင်ဆင်သတ်မှတ်ခြင်း ဖြစ်ပါသည်။ ယင်းသို့ပြင်ဆင်ရာတွင် တောင်သူလယ်သမားများ၊ လယ်သမားအဖွဲ့အစည်းများနှင့် သမဝါယမအသင်းအဖွဲ့များက ယေဘုယျတင်ပို့သူများ သို့မဟုတ် ထုပ်ပိုးဆန်တင်ပို့သူများ အဖြစ် လျှောက်ထားမှုအတွက် လိုင်စင်ကြေးနှင့် သက်တမ်းတိုးခများမှ ကင်းလွတ်ခွင့်ပြုထားပါသည်။

     ယေဘုယျတင်ပို့သူ၏ လက်ကားရောင်းချခြင်းနှင့် နိုင်ငံတကာသို့ ရောင်းချခြင်းအတွက် မူလက ရင်းနှီးမြှုပ်နှံမှုပမာဏ ကန့်သတ်ချက်မရှိပဲ လိုင်စင်လျှောက်ထားမှု တစ်စောင်လျှင် ဆန် ကုန်သွယ်မှုဆိုင်ရာ အခကြေးငွေ ဘတ် ၅၀၀၀၀ သတ်မှတ်ထားခဲ့သည်။ ယခုပြင်ဆင်ချက်အရ လုပ်ငန်းရင်းနှီးမြှုပ်နှံမှု ဘတ် ၅ သန်းမှ ၁၀ သန်းအတွင်းရှိပါက လိုင်စင်လျှောက်ထားမှု တစ်စောင်လျှင် အခကြေးငွေ ဘတ် ၁၀၀၀၀ နှုန်း၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၀ သန်းမှ သန်း၂၀ အတွင်း ရှိပါက လိုင်စင်လျှောက်ထားမှု တစ်စောင်လျှင် အခကြေးငွေ ဘတ် ၃၀၀၀၀ နှုန်းနှင့် ရင်းနှီးမြှုပ်နှံမှုသည် ဘတ် သန်း ၂၀ အထက်ဖြစ်ပါက လိုင်စင်လျှောက်ထားမှု တစ်စောင်လျှင် အခကြေးငွေ ဘတ် ၅၀၀၀၀ နှုန်း အသီးသီး ပေးဆောင်ရမည်ဖြစ်သည်။

    အသင့်ထုပ်ပိုးပြီးဆန်များ တင်ပို့သော လုပ်ငန်းရှင်များအတွက်မူ လက်ကားရောင်းချခြင်း နှင့် နိုင်ငံတကာသို့ရောင်းချခြင်းအတွက် လက်ရှိ လိုင်စင်လျှောက်ထားမှုတစ်စောင်လျှင် ဆန်ကုန် သွယ်မှုဆိုင်ရာ အခကြေးငွေ ဘတ် ၂၀၀၀၀ သတ်မှတ်ထားရာမှ ဘတ် ၁၀၀၀၀ နှုန်းသို့ လျှော့ချ ကောက်ခံမည်ဖြစ်သည်။

    ဤပြုပြင်ပြောင်းလဲမှုကြောင့် အစိုးရအနေဖြင့် တစ်နှစ်လျှင် ဘတ်ငွေ ၅.၂ သန်းခန့် ဝင်ငွေ လျော့နည်းမည်ဖြစ်ကြောင်း၊ သို့သော် လယ်သမားများ၊ သမဝါယမအသင်းအဖွဲ့များနှင့် အငယ်စား နှင့် အလတ်စားလုပ်ငန်းရှင်များ (SMEs) အား ဆန်တင်ပို့ရောင်းချနိုင်ရန် အထောက်အပံ့ပြုမည်ဖြစ်ပြီး အစိုးရ၏ မူဝါဒနှင့်အညီ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက် ဝင်ငွေရရှိစေ မည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတကာသို့ ဆန်တင်ပို့လိုသော လုပ်ငန်းရှင်များ၏ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးကိုလည်း လျှော့ချပေးမည်ဖြစ်ကြောင်း Ms. Sasikarn က ပြောကြားခဲ့သည်။

Source: Money & Banking Magazine, 13 May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)